ပြည်ပတွင်ပိတ်မိနေသည့် မြန်မာနိုင်ငံသား

July 29, 2020

ပြည်ပတွင်ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၁၄ ဦး ရန်ကုန်ပြန်ရောက် 

ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၁၄ ဦးကို ဇူလိုင် ၂၈ ရက်နေ့က  အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ  မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။  နိုင်ငံတကာခရီးသည်တင် လေယာဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့်  နေရပ်ပြန်ဖို့ အခက်တွေ့နေတဲ့ ကိုရီးယားရောက်  မြန်မာနိုင်ငံသား ၃၇ ဦး၊  အမေရိကန်၊ အီဂျစ်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဘလ်ဂျီယံ၊ အီတလီ၊ ဟန်ဂေရီ၊ ဆိုက်ပရပ်၊ ဂျပန်နဲ့  ဂျာမနီရောက်  မြန်မာနိုင်ငံသား ၇၇ ဦး၊ စုစုပေါင်း ၁၁၄ ဦး တို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် (၁၅) ကြိမ်မြောက် ကိုရီးယားလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး သတ်မှတ်နေရာတွေမှာ  ၂၁ ရက်တာ အသွားအလာ ကန့်သတ်စောင့်ကြပ်ထားမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ပြည်ပမှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တွေနဲ့ အစိုးရက ပြန်လည်ခေါ်ဆောင်ပေးနေရာမှာ ဒီကနေ့အထိ  မြန်မာနိုင်ငံသားစုစုပေါင်း ၉၁၀၅ ဦးအား ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- MOFA
1 year Ago
Up