ပြည်ပခရီးသည်ဝင်ခွင့်

March 18, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူနိုင်ငံများတွင် ပြည်ပခရီးသည်ဝင်ခွင့်ပိတ်ပင်

ဥရောပသမဂ္ဂရဲ့ နိုင်ငံ ၂၆ နိုင်ငံနဲ့ အိုက်စလန်၊ လစ်ချင်စတိန်း၊ နော်ဝေ၊ ဆွစ်ဇာလန်တို့မှာ ပြည်ပက ခရီးသွားတွေ ဝင်ခွင့်ရက် ၃၀ ကြာပိတ်ပင်မယ်လို့  ဘီဘီစီသတင်းမှာဖော်ပြပါတယ်။ ဒီလိုပြည်ပခရီးသွားတွေ အီးယူထဲဝင်ခွင့် တလပိတ်တာမှာ ယူကေနိုင်ငံသားတွေတော့ အကျုံးဝင်မှာ မဟုတ်ပါဘူး။ အီးယူရဲ့ ပိတ်ပင်မှုဟာ အီတလီ၊ စပိန်နဲ့ ပြင်သစ်တို့မှာ ဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံးသူ ဦးရေ ဆက်လက်မြင့်တက်လာပြီး၊ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ လုပ်နေရချိန်မှာ ထွက်ပေါ်လာတာပါ။ အီးယူရဲ့ ခရီးသွားခွင့်ပိတ်ပင်မှုထဲမှာ ကာလရှည်နေသူတွေ၊ အီးယူနိုင်ငံသားတွေနဲ့ သံတမန်တွေရဲ့ မိသားစုဝင်တွေ၊ နယ်စပ်ဖြတ်ကျော် အလုပ်လုပ်နေရတဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ကုန်စည် သယ်ယူပို့ဆောင်ပေးသူတွေကလွဲလို့ အီးယူမဟုတ်တဲ့ နိုင်ငံတွေကလူတွေ အကုန်လုံးကို ဥရောပထဲ ဝင်ခွင့်ပိတ်သွားမှာပါ။ ဒီအတွင်း ဒီနှစ်ထဲ ကျင်းပဖို့ရှိတဲ့ ယူရို ၂၀၂၀ ဘောလုံး ပြိုင်ပွဲကိုလည်း နောက်နှစ် ၂၀၂၁ ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဥရောပဘောလုံး တာဝန်ရှိသူတွေက ထုတ်ပြန်ထားတာပါ။  အီတလီပြီးရင် အီးယူမှာ ဒုတိယအဆိုးဆုံးဖြစ်နေတဲ့ စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေက ၁၁,၁၇၈ ဖြစ်လာပြီး ပြင်သစ်နဲ့ ပေါ်တူဂီတို့ဘက် နယ်စပ်တွေမှာ ကားတွေ ဝင်ရောက်ဖြတ်သန်းခွင့်လည်း ပိတ်လိုက်ပါပြီ။ ဥရောပရဲ့ အထိခိုက်ဆုံးနိုင်ငံ အီတလီကတော့ မတ် ၁၇ ရက်နေ့မှာပဲ သေဆုံးသူ ၂၅၀၃ ဦးအထိ ရှိလာပြီး ပိတ်ဆို့မှုတွေ တနိုင်ငံလုံး ချမှတ်ထားဆဲဖြစ်ပါတယ်။
2 years Ago
Up