ပြည်ပက ပြန်လာသူများ

April 3, 2020

ကျောက်တလုံးမြို့နယ်ခွဲ စောင့်ကြည့်စခန်းတခု၌ ပြည်ပက ပြန်လာသူများထံမှ ငွေကောက်ခံမှုရှိနေ

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲ ဆောင်းဖိုးရွာမှာ ၁၄ ရက်စောင့်ကြည့်ထားရှိတဲ့ ပြည်ပက ပြန်လာသူတွေထံကနေ ရွာသူကြီးက ငွေ ၄ သောင်းကျပ်စီ ကောက်ခံနေတယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံတခုကနေ အလုပ်လုပ်ပြီးပြန်လာတဲ့ ခွန်မောင်ငွေက “ခုရောဂါကြောင့် သူများနိုင်ငံမှာ အလုပ်တွေပိတ်ပြီး အလုပ်လက်မဲ့ဖြစ်လို့ ကျနော်တို့ပြန်လာရတာ။ နိုင်ငံတော်က ချတဲ့စည်းကမ်း ၁၄ ရက်နေပေးဖို့ ဆိုတာ ကျနော်တို့ လိုက်နာပါတယ်။ အများသတ်မှတ်တဲ့ ရွာစည်းကမ်းကို ချိုးဖောက်ရင် အပြစ်ရှိလို့ ကျနော်တို့ ခံရမှာပေါ့။ အခု ငွေကြေးမတတ်နိုင်လို့ သူများနိုင်ငံမှာ အလုပ်သွားလုပ်တာ ငွေကြေးကောက်တဲ့ဟာကို မတတ်နိုင်ဘူး” လို့ ပြောပါတယ်။ ဆောင်းဖိုးရွာ အထက ကျောင်း စောင့်ကြည့်ရေးစခန်းမှာ ပြည်ပကပြန်လာသူ ၁၉ ဦးထဲက ၃ ဦးက ငွေကြေးပေးဆောင်ထားပြီးပြီလို့ သိရပါတယ်။ တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က “မြို့နယ်အလိုက် COVID ကော်မတီတွေ အလှူခံလေးတွေနဲ့ ဆီဖိုး၊ ရေသန့် ထားပေးတတာ ပဲရှိတယ်၊ မကောက်ဘူး ငွေကောက်ခွင့်လည်း မရှိဘူးဗျာ။ ကောက်တဲ့သူကို ဘယ်မှာ ညွှန်ကြားချက်ရှိလဲလို့ မေးလိုက်ပါ။ အခက်အခဲရှိရင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက်တင်ပြလို့ရတယ်၊ ငွေကောက်ပြီးလုပ်ပါလို့ မပြောထားဘူး” လို့ ပြောပါတယ်။ အဆိုပါ စောင့်ကြည့်ရေးစခန်းမှာ ပုံမှန် ကျန်းမာရေး စစ်ဆေးပေးတာနဲ့ ပိုးသတ်ဆေးဖျန်းခြင်းတွေ လုပ်ပေးနေပြီး ပြည်ပက ပြန်လာတဲ့သူတွေအားလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ လက်ရှိ ဆောင်းဖိုး အထကစာသင်ကျောင်းမှာ ရောက်ရှိတဲ့ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေဟာ ၁၄ ရက်စောင့်ကြည့် quarantine အနေနဲ့ ၇ ရက်နေပြီးပြီ ဖြစ်ပြီး ၁၄ ရက်အဆုံးထိ နေသွားမယ်လို့လည်း ဆိုပါတယ်။ ခွန်ရာဇာ
2 years Ago

March 28, 2020

ပြည်ပက ပြန်လာသူများ အကြောင်းမကြားပါက အရေးယူမည်ဟု ရပ်ကွက်အချို့တွင် လိုက်လံသတိပေး

ပြည်ပကနေ ပြည်ရောက်လာသူတွေ နေအိမ်မှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ်မှု ခံယူရမှာဖြစ်တာကြောင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးတွေဆီကို အသိပေးအကြောင်းကြားဖို့ ရန်ကုန်က မြို့နယ်တချို့မှာ မတ် ၂၇ ရက် ညပိုင်းက လိုက်လံသတိပေးနေပါတယ်။  သတိပေးချက်တွေကို မလိုက်နာရင် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ်လို့ ပြည်သူလူထုထံ ကြေညာချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။ ဒါ့အပြင် ပြည်ပကနေ ပြန်လာတဲ့သူတွေရဲ့ မိသားစုဝင်တွေအနေနဲ့လည်း ကျန်းမာရေး အခြေအနေတွေကို အစဉ်မပြတ်စစ်ဆေးပြီး ဒေသန္တရ ကျန်းမာရေးဦးစီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကူးစက်ရောဂါ ဥပဒေပုဒ်မ ၂၁ (ခ) အရ သတိပေးချက်တွေကို မလိုက်နာရင် ထောင်ဒဏ်၊ ငွေဒဏ်နဲ့ ဒဏ်ငွေနှစ်ရပ်စလုံးနဲ့ အရေးယူမယ်လို့ တရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၈ ဦးရှိပြီး ရန်ကုန်တိုင်းအတွင်းက သက်ဆိုင်ရာဆေးရုံတွေမှာ ၅ ဦး ကုသမှု ခံယူနေပါတယ်။ မန္တလေး၊ နေပြည်တော်နဲ့ ချင်းပြည်နယ်တို့က ၁ ဦးစီ ဖြစ်ပါတယ်။
2 years Ago
Up