ပြည်ပကပြန်လာသူ ၅၀၀ ကျော်

March 28, 2020

ဝမ်းတွင်းမြို့နယ်တွင် ပြည်ပကပြန်လာသူ ၅၀၀ ကျော်ကို နေအိမ်တွင် အသွားအလာ ကန့်သတ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ မတ်လ ၂၇ ရက်အထိ ပြည်ပကနေ တပတ်အတွင်း ပြန်ရောက်လာသူ ၅၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးပေးပြီး နေအိမ်မှာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ထားပါတယ်။ ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးရုံး ရုံးအုပ်ကြီး ဦးအောင်ကျော်ဦးက "နိုင်ငံခြားတိုင်းပြည်က ပြန်လာကြသူတွေကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သီးကုန်းအမြန်လမ်းကားဂိတ်မှာ ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးပေးပါတယ်။ မိမိအိမ်မှာပဲ Quarantine ၁၄ ရက်နေကြဖို့ မှာကြားပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီ အပ်ပေးလိုက်တယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ဇန်နဝါရီလကနေ မတ် ၂၂ ရက်အထိ ပြန်တော်ပြန် ၃၅၀ ကျော်၊ မတ်လ ၂၂ ရက်က ဒီနေ့အထိ ၅၀၀ ကျော်၊ စုစုပေါင်း ၈၀၀ ကျော်ရှိပြီး တရုတ်နဲ့ထိုင်းက ပြန်လာကြသူ အများစုဖြစ်ပါတယ်။ မြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအဖွဲ့ပြန်ကြားရေးမှူး ဦးတင်ဆင့်က "ထိုင်းက ပြန်လာတဲ့ ကိုဗစ်ရောဂါသံသယရှိသူ တဦးကိုတော့ မြို့နယ်ဆေးရုံမှာ သီးသန့်ထားပြီး စောင့်ကြည့်နေတယ်။ ရွာတွေကပြန်လာသူတွေကို စာသင်ကျောင်းတို့ ဘုန်းတော်ကြီးကျောင်းတို့မှာ တစုတစည်းတည်း ထားပြီး ၁၄ ရက်စောင့်ကြည့်ဖို့ ပြင်ဆင်နေပါတယ်" လို့ ပြောပါတယ်။ ဆူးပန်းရွာနေ ကိုဆန်းဝင်းက "ကျနော်တို့ကျေးရွာအုပ်စုတခုတင် နိုင်ငံခြားထွက် အလုပ်လုပ်တာ ၄၀၀ကျော် ၅၀၀ လောက်ရှိမယ်။ မလှမ်းမကမ်းက ဂုဏ်ရွာကျေးရွာမှာလည်း အဲလောက်ရှိမယ်။ သင်္ကြန်နားနီးရင် တရားဝင်ရော မဝင်တာရော လုံးပြီး ပြန်လာကြမယ်။ ကပ်ရောဂါကြီးကို လက်ဆောင်မယူလာပါနဲ့လို့ ဆုတောင်းနေရတာပါပဲ" လို့ ပြောပါတယ်။ မိတ္တီလာခရိုင်တခုလုံးမှာတော့ ဇန်နဝါရီက စပြီး ဒီနေ့အထိ နေရပ်ပြန်လာကြသူပေါင်း ၁၈၆၆ ယောက်ရှိပြီး တဝက်ကျော်က ဝမ်းတွင်းမြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။ မောင်မောင်လင်း
2 years Ago
Up