ပြည်နှင်ဒဏ်ပေး

September 7, 2022

စစ်ကောင်စီဩဇာခံ စစ်သံမှူးရုံးကို ပိတ်သိမ်းပြီး စစ်သံမှူးကို ပြည်နှင်ဒဏ်ပေးရန် လန်ဒန်တွင် ဆန္ဒပြ

ဗြိတိန်နိုင်ငံရှိ  စစ်ကောင်စီရဲ့ စစ်သံမှူးရုံးကို ပိတ်သိမ်းပြီး စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင်ကို မောင်းမထုတ်မချင်း လန်ဒန်မြို့မှာ Stars of Myanmar Friendship Club က ဦးဆောင်ပြီး ထိုင်သပိတ်နဲ့ ဆန္ဒပြနေကြပါတယ်။ 

စစ်သံမှူးရုံး ပိတ်သိမ်းရေးနဲ့ စစ်သံမှူး မောင်းထုတ်ရေး တောင်းဆိုတဲ့ ထိုင်သပိတ်ကို ရှစ်လေးလုံး ၃၄ နှစ်ပြည့် ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က ဗြိတိန် နိုင်ငံခြားရေးရုံးရှေ့မှာ SMFC နဲ့ Myanmar Unity Movement အဖွဲ့ ပူးပေါင်းစတင်ခဲ့ပြီး စနေ၊ တနင်္ဂနွေပိတ်ရက်မှအပ နေ့စဉ် ဆန္ဒပြနေကြတာ အခုဆို ရက် ၂၀ ရှိပြီဖြစ်ပါတယ်။

အခု ထိုင်သပိတ်လှုပ်ရှားမှုကို Four 4 Freedom ကမ်ပိန်းလို့ အမည်ပေးထားပြီး ထိုင်သပိတ်နေရာဟာ နိုင်ငံတကာခရီးသွားတွေ အလာများတဲ့ ဘုရင်မနန်းတော်ကနေ ဖြတ်လျှောက် လည်ပတ်တဲ့နေရာဖြစ်လို့ ဗြိတိန်နိုင်ငံသားတွေတင်မက တခြားခရီးသွားတွေပါ မြန်မာပြည် အခြေအနေကို သိသွားစေပါတယ်။  

Stars of Myanmar Friendship Club ကို ဗြိတိန်ရောက် မြန်မာအများစုနဲ့ တခြားနိုင်ငံသားအချို့ ပါဝင်ပြီး စစ်တပ်က လူထုအာဏာ လုယူပြီးနောက်ပိုင်း စတင်ဖွဲ့စည်း ခဲ့ကြတာပါ။ SMFC စတင်ဖွဲ့စည်းချိန်က အဖွဲ့ဝင် သုံးဦး လမ်းလျှောက်ပြီး ရန်ပုံငွေရှာတာမှာ စတာလင်ပေါင် ၇၀၀၀ ကျော်ရခဲ့ပြီး အဲဒီအချိန်က အဓိကဖြစ်တဲ့ CDM ပြည်သူ့ဝန်ထမ်းတွေကို ကူညီနိုင်ခဲ့ပါတယ်။

ဒါ့ပြင် နွေဦးတော်လှန်ရေးမှတ်တမ်း ဓာတ်ပုံပြပွဲတွေကို ဗြိတိန်နိုင်ငံ ဒေသ ၄ ခုမှာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆုံးဓာတ်ပုံပြပွဲမှာ ဟောင်ကောင် လွတ်မြောက်ရေးလှုပ်ရှားသူတွေနဲ့ပါ ပူးပေါင်းနိုင်ခဲ့လို့ နိုင်ငံတကာ အသိမှတ်ပြုမှု ပိုရလာတယ်လို့ SMFC တာဝန်ရှိသူက ပြောပါတယ်။

လန်ဒန်နဲ့ အနီးတဝိုက်က မြန်မာတွေအနေနဲ့ သူတို့ရဲ့ ထိုင်သပိတ်မှာ လာရောက်ပူးပေါင်းကြဖို့လည်း SMFC က ဖိတ်ခေါ်ထားပါတယ်။ 

ဓာတ်ပုံ-SMFC

3 months Ago

January 17, 2021

မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ငါးမျှားသည့် ထိုင်းနိုင်ငံသား ၂ ဦးကို ပြည်နှင်ဒဏ်ပေး

မြန်မာ့ရေပြင်ပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးမျှားခဲ့တဲ့ POLARIS ONE လှေမှ ဖမ်းဆီးရမိသူတွေထဲက ထိုင်းနိုင်ငံသား နှစ်ဦးကို ဇန်နဝါရီ ၁၆ ရက်နေ့က ကော့သောင်းမြို့ မြို့မဆိပ်ကမ်း နယ်စပ်ဂိတ်ကနေ ပြည်နှင်ဒဏ်ပေး စေလွှတ်ခဲ့တယ်လို့ ခရိုင် လ.ဝ.က ဦးစီးရုံးက သိရပါတယ်။ POLARIS ONE လှေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က မြန်မာ့ရေတပ်မတော်စစ်ရေယာဉ် 567 က ဖမ်းဆီးအပ်နှံခဲ့တာပါ။ လှေပေါ်မှာ ပါရှိသူ ၂၄ ယောက်အနက် ထိုင်းနိုင်ငံသား ၁၉ ယောက်နဲ့ တရုတ်နိုင်ငံသား ၁ ယောက်ကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေအရ  ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ နေ့က ပြည်နှင်ဒဏ်ပေး စေလွှတ်ခဲ့ပါတယ်။  အဓိက တာဝန်ရှိသူ ထိုင်း ၂ ယောက်၊ မြန်မာ ၂ ယောက်ကိုသာ လ.ဝ.က ပုဒ်မ ၁၃(၁) နဲ့ တရားစွဲဆိုခဲ့ကာ ဒဏ်ငွေ ကျပ် ၃ သိန်းစီနဲ့ စီရင်ချက်ချမှတ်ခဲ့တာ​လို့ ခရိုင် လ.ဝ.က ဦးစီးရုံးတာဝန်ရှိသူက ပြောပါတယ်။ ထိုင်းနိုင်ငံသား ၂ ယောက်ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၇(၁) နဲ့ ‘ပြည်နှင်ဒဏ်အမိန့်’ ချမှတ်ခဲ့ပြီး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ပြည်နှင်ဒဏ်ပေးခဲ့ပြီး ကော့သောင်း ခရိုင်နဲ့မြို့နယ် တာဝန်ရှိသူတွေက မြို့မဆိပ်ကမ်းဗောတံတားမှတဆင့် ထိုင်းဘက်ခြမ်း တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - လတ်ကိုကိုဦး
2 years Ago
Up