ပြည်နယ်နှင့်တိုင်း

February 26, 2020

ပြည်နယ်နှင့်တိုင်း ၆ ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်

စစ်ကိုင်း၊ တနင်္သာရီနဲ့ မကွေးတိုင်း၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်တို့မှာ ဒီနေ့ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့ညနေအထိအတွက် ခန့်မှန်းထုတ်ပြန်တာဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့ မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းနဲ့ ချင်း ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာနိုင်ခြေ ရာခိုင်နှုန်း ၈၀ ရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တို့မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း စစ်တိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာ ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း ရေပြင်လေဟာ ၁ နာရီကို ပင်လယ်မိုင် ၅ မိုင်ကနေ ၁၀ မိုင် တိုက်ခတ်နိုင်ပြီး တခါတရံမှာတော့ ၂၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။  လှိုင်းကတော့ အသင့်အတင့် ရှိမယ်လို့ဆိုပြီး အမြင့် ၈ ပေလောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
1 year Ago
Up