ပြည်နယ်

April 18, 2020

ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်တို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်၊ မြို့နယ် အုပ်ချုပ်ရေးတွေက စာနဲ့ ထုတ်ပြန်တားမြစ်လိုက်ကြတာပါ။ ဒီလိုထုတ်ပြန်ကြရာမှာ တချို့မြို့နယ်တွေက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်လို့ သုံးပေမယ့် တချို့မြို့နယ်တွေကတော့ ဒေသန္တရတားမြစ်မိန့်လို့ပဲ သုံးစွဲထားကြပါတယ်။ ပြီးတော့ မြို့နယ်တော်တော်များများမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ဖို့ သတ်မှတ်ကြပေမယ့် တချို့မြို့နယ်တွေကတော့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ဖို့ သတ်မှတ်ထားပါတယ်။ ဌာနဆိုင်ရာတာဝန်နဲ့သွားလာတာ၊ ကျန်းမာရေးကိစ္စနဲ့ နာရေးကိစ္စတို့ကိုတော့ ခြွင်းချက်ပေးထားတာကို တွေ့ရပြီး တချို့မြို့နယ်တွေမှာတော့ တာဝန်ရှိသူတွေပဲ သွားလာဖို့ ကန့်သတ်ထားပါတယ်။ ပြီးတော့ ဒီအမိန့်ဟာ ၂ လတာကာလအတွက် ထုတ်ပြန်တာဖြစ်ပြီး နောက်ထပ် တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီလို အမိန့်တွေ ထုတ်ပြန်ထားတာနဲ့ပတ်သက်လို့ တနိုင်ငံလုံး ထုတ်ပြန်သွားမှာလားလို့ ဒီဗွီဘီသတင်းထောက်က မေးမြန်းရာမှာ တိုင်းနဲ့ပြည်နယ်အစိုးရတွေကပဲ လုပ်ပါလိမ့်မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖြေပါတယ်။ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကလည်း အမြန်လမ်းမကြီး ဖြတ်သန်းသွားတဲ့ တိုင်းတွေမှာ ညမထွက်ရအမိန့် ထုတ်ထားတာကြောင့် အမြန်လမ်းသုံးပြီး သွားလာမယ့်သူတွေအနေနဲ့ အချိန်ကို ချင့်ချိန်တွက်ချက်ပြီး သွားလာကြဖို့ တိုက်တွန်းထားပါတယ်။
1 year Ago

October 28, 2019

ပြည်နယ်၊ တိုင်းအချို့တွင် ညအပူချိန် မြင့်တက်နိုင် 

လာမယ့် နိုဝင်ဘာလထဲမှာ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နိုဝင်ဘာလရဲ့ ညပျမ်းမျှအပူချိန်ထက် ပိုပြီးပူနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီတိုင်းနဲ့ ပြည်နယ်တို့မှာ ပျမ်းမျှအပူချိန်တွေထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုပူနိုင်ပြီး ကျန်တဲ့ ပြည်နယ်၊ တိုင်းတို့မှာတော့ ပျမ်းမျှအပူချိန်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်က ပိုမိုအားကောင်းလာလို့ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်း ပါတယ်။ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၈ ရက်ကနေ ၁၂ ရက်လောက် မိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကယားနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့ ၃ ရက်ကနေ ၇ ရက်လောက်အထိ မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။  စစ်ကိုင်းတိုင်း၊ ကချင်၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ၁၅ ရက်ကနေ ၂၂ ရက်လောက် မြူထူတွေဆိုင်းနိုင်ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတို့မှာတော့ ၇ ရက်ကနေ ၁၄ ရက်လောက် မြူထူတွေ ဆိုင်းနိုင်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
2 years Ago
Up