ပြည်ထဲရေးဝန်ကြီးဌာန

February 12, 2020

တရုတ်ရွှေလီရဲဌာနက တစ်ပတ်အတွင်း မြန်မာလုပ်သား ၈၀၀ ခန့် ပြန်လွှဲပေး

ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်းမှာ တရုတ်နိုင်ငံ ရွှေလီရဲဌာန၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ဌာနခွဲက နေရပ်ပြန်လိုတဲ့ မြန်မာလုပ်သား ၈၀၀ ဝန်းကျင်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ အဲ့လိုပြန်လွှဲပေးလိုက်သူတွေကို  မူဆယ်မြို့ နန်းတော်စစ်ဆေးရေးဂိတ်ကနေ တဆင့် ကျန်းမာရေးစစ်ဆေးပြီးမှ လက်ခံနေတာဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြန်ဝင်လာသူတွေရဲ့ နေရပ်ကို မော်တော်ယာဉ်တွေနဲ့ အသီးသီး ပို့ဆောင်ပေးခဲ့တယ်လို့လည်း အမှတ်(၇)လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးအောင်သူက ပြောပါတယ်။ တရုတ်ရဲဌာနအနေနဲ့ အခုလို မြန်မာလုပ်သားတွေပြန်လည်လွှဲပြောင်းပေးတာဟာ အခု ဖေဖော်ဝါရီလအတွင်း ၄ ကြိမ်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က ၂၀၃ ဦး၊ ဖေဖော်ဝါရီ ၇ ရက်က ၃၂၀ ဦး၊ ဖေဖော်ဝါရီ ၈ ရက်က ၁၆ ဦးနဲ့ဖေဖော်ဝါရီ ၁၁ ရက်က ၂၁၇ ဦးတို့ကို ပြန်လွဲပေးခဲ့တာပါ။  အရင်ကလည်း ပြန်လွှဲပေးတာတွေရှိပေမယ့် လက်ရှိတရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အခုလို အရေအတွက်များများကို ပြန်လွှဲနေတာဖြစ်ပါတယ်။
2 years Ago

February 10, 2020

ပြည်ထဲရေးဝန်ကြီးအဖြစ် ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို လွှတ်တော်အတည်ပြု

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုခန့်အပ်လိုက်ပါတယ်။ ကန့်ကွက်မှု တစုံတရာမရှိတဲ့အတွက် လစ်လပ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ် ချုပ်ကြီး စိုးထွဋ်ကို ခန့်အပ်တာဝန်ပေးဖို့ လွှတ်တော်က သဘောတူကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က)ပါ သတ်မှတ်အရည်အချင်းတွေနဲ့ မပြည့်စုံကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားပြပြီး ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်ရှိရင် အမည်စာရင်းပေးသွင်းဖို့ ကြေညာခဲ့ပေမယ့် နောက်ဆုံးသတ်မှတ်အချိန်ထိ ကန့်ကွက်လိုကြောင်း တင်ပြချက်တစ်စုံတစ်ရာ မရှိတဲ့အတွက် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း” ကြေညာသွားပါတယ်။ အရင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ မူလစစ်ဘက်တာဝန်တွေ ထမ်းဆောင်မှာဖြစ်တဲ့အတွက် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။
2 years Ago
Up