ပြည်ထဲရေးဝန်ကြီး

July 5, 2020

ဖားကန့် မြေပြိုမှု ထပ်မဖြစ်ရန် ရဲတပ်ဖွဲ့အင်အားဖြည့်ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီး ပြော

ဖားကန့် မြေပြိုမှုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပွားအောင် အုပ်ချုပ်ရေးအာဏာပိုင်တွေဘက်က အမိန့်ထုတ်ပြန်ဖို့ လိုအပ်ပြီး လုံခြုံရေးပိုင်းကို ရဲတပ်ဖွဲ့က အားဖြည့်ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။  သမ္မတအမိန့်နဲ့ ဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာမှာ မြေပြိုကျလို့ ရေမဆေးကျောက်သမား ၁၇၀ ကျော် သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဇူလိုင် ၅ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။  ဝှေခါကျေးရွာက မြေပြိုကျမှုအတွင်း လူအများအပြား သေဆုံးရတာဟာ မိုးတွင်းကာလ အန္တရာယ်ရှိလို့ တားမြစ်ထားတဲ့ကြားကနေ ရေမဆေးကျောက်သမားတွေက ဝင်ရောက်တူးဖော်ချိန်မှာ အခုလို သေဆုံးမှုတွေ ဖြစ်ခဲ့တာလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ ဖားကန့်ဒေသ ကျောက်မျက်လုပ်ကွက်တွေအတွင်း မြေပြိုကျလို့ လူသေဆုံးမှုတွေ ခဏခဏ ဖြစ်လေ့ရှိတဲ့အပြင် မူးယစ်ဆေးဝါးကိစ္စ၊ တရားမဝင် ကျောက်တူးဖော်မှုတွေ တရားဥပဒေစိုးမိုးမှု မရှိတာတွေကို အရက်ဖက် အဖွဲ့အစည်းတွေကလည်း ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။  အခုဝှေခါကျေးရွာ မြေပြိုကျမှုမှာလည်း အစိုးရမှာ တာဝန်အရှိဆုံးလို့ ပြောဆိုမှုတွေ ရှိခဲ့ပြီးနောက် အစိုးရအဖွဲ့ဝင်တွေ ပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်း စုံစမ်းစေခဲ့ပြီး ကွင်းဆင်းစစ်ဆေးစေခဲ့ပါတယ်။  ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးကတော့ အဲ့ဒီကော်မတီရဲ့ ခရီးစဉ်မှာ ဖားကန့်ဒေသအတွက် လုံခြုံရေးကို ရဲနဲ့ တပ်ဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ တင်ပြခဲ့ပါတယ်။  ပြည်ထဲရေးဝန်ကြီးကတော့ ဒီဖားကန့်ဒေသမှာ အခုလို မြေပြိုမှုကြောင့် လူသေဆုံးမှုတွေ နောက်ထပ် မဖြစ်ပွားဖို့ အမိန့်ညွှန်ကြားချက်တွေဟာ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဦးဆောင် ဆောင်ရွက်ရမှာဖြစ်ပြီး ရဲနဲ့တပ်ဘက်က လုံခြုံရေးပိုင်းကိုတော့ အားဖြည့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီခရီးစဉ်အတွင်းမှာ လူကယ်ပြန်ဝန်ကြီးက ဖားကန့် မြေပြိုမှုဖြစ်စဉ်မှာ သေဆုံး၊ ဒဏ်ရာရသူတွေအတွက် ကျပ်သိန်း ၉၇၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့တဲ့ လူမှုအဖွဲ့တွေကိုလည်း ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ပါတယ်။  မြေပြိုမှုကြောင့် လူပေါင်း ၁၇၄ ယောက် သေဆုံးပြီး ၅၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဇော်မိုးထက်
9 months Ago

April 29, 2020

ရဲတပ်ဖွဲ့အတွင်း COVID-19 ကူးစက်မှုများလာသဖြင့်  ပီရူးပြည်ထဲရေးဝန်ကြီး နုတ်ထွက်

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကပ်ဘေးအတွင်း ရဲတပ်ဖွဲ့အရာရှိ ၁၃၀၀ အပါအဝင် ရဲတပ်ဖွဲ့အတွင်း ကူးစက်မှု တိုးမြင့်ခဲ့လို့ ပြည်ထဲရေးဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ အရာရှိ ၂၀ ဦး သေဆုံးမှု အပါအဝင် ကူးစက်ခံအရေအတွက်အသစ်ကို ကြေညာအပြီး နောက်နေ့မှာ ပြည်ထဲရေးဝန်ကြီး ကာလိုမိုရန်က ရာထူးက နုတ်ထွက်သွားခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးအသစ်အနေနဲ့ ပီရူးအမျိုးသားရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေးဆိုင်ရာ ညွှန်မှူး ဂတ်စ်တန်ရိုဒရီဂက်ဇ်က အမြန်ပဲ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ မိုရန်ဟာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် နုတ်ထွက်ခဲ့တာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရဲတပ်ဖွဲ့အတွင်း လတ်တလော သတင်းကြီးနေတဲ့ တကိုယ်တော် ကာကွယ်ရေး ဝတ်စုံတွေ ဝယ်ယူမှုမှာ အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်နေလို့ နုတ်ထွက်တာဆိုတဲ့ အချက်ကိုတော့ ဝန်ကြီးချုပ်က ငြင်းပါတယ်။ ထောင်နဲ့ချီတဲ့ အရာရှိတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ အမြန်စစ်ဆေးမှု ခံယူနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ရဲတွေဟာ စမ်းသပ်မှု ၂၄,၀၀၀ ပြုလုပ်ခဲ့ပါတယ်။
12 months Ago
More News
Up