ပြည်ထောင်စုအခွန်ဌာနအကြီးအကဲ

January 16, 2020

ရုရှားအစိုးရအဖွဲ့ကိုဖျက်သိမ်း၊  ဝန်ကြီးချုပ်အသစ် အမည်စာရင်းတင်သွင်း   

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဇန်နဝါရီ ၁၅ရက်မှာ လူသိနည်းတဲ့ ပြည်ထောင်စုအခွန်ဌာနအကြီးအကဲ မီခေးလ် မီရှုစတင်ကို ဝန်ကြီးချုပ် အသစ်အဖြစ် တရားဝင် နာမည်စာရင်း တင်သွင်းလိုက်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။  မီရှုစတင်က ကမ်းလှမ်းချက်ကို သဘောတူအပြီး ရုရှားလွှတ်တော်က အတည်ပြုဖို့ ပူတင်က လွှတ်တော်ဆီကို ကိုယ်စားလှယ်လောင်းအဖြစ် နာမည်စာရင်းသွင်းခဲ့တာလို့လည်း သမ္မတနန်းတော်က ပြော ပါတယ်။ ပူတင်က သူ့အုပ်ချုပ်မှုကို သက်တမ်းတိုးခွင့်ပြုနိုင်တဲ့ အခြေခံဥပဒေ အပြောင်းအလဲ လုပ်ဖို့ အဆိုတင်အပြီးမှာ ရုရှားအစိုးရအဖွဲ့ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဖျက်သိမ်းခဲ့တာပါ။ ပူတင်ပြောင်းချင်တဲ့ အခြေခံဥပဒေအပြောင်းအလဲကို ဆောင်ရွက်ရာမှာ ပူတင်ကို အခန်းကဏ္ဍ ပေးဖို့ ရုရှားအစိုးရအဖွဲ့ကို ဖျက်သိမ်းတယ် သူကိုယ်တိုင်လည်း ဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်တယ်လို့ ရုရှားဝန်ကြီးချုပ် ဒမစ်ထရီ မက်ဒီဒေ့ဗ်က ပြောပါတယ်။ သမ္မတရဲ့ သြဇာကိုလွှတ်တော်ဆီ လွှဲပေးမယ့် အပြောင်းအလဲအတွက် ပြည်လုံးကျွတ် မဲဆန္ဒခံယူဖို့ ပူတင်က အဆိုပြုအပြီးမှာ မမျှော်လင့်ထားတဲ့ ကြေညာချက် ထွက်ပေါ်ခဲ့တာပါ။ ဝန်ကြီးချုပ်က အစိုးရရုပ်သံကနေ ကြေညာချိန်မှာ ဘေးမှာရှိနေတဲ့ ပူတင်က သူ့အလုပ်မှာ နီးကပ်တဲ့ မိတ်ဖက် ဖြစ်ခဲ့တဲ့ အတွက် မက်ဒီဒေ့ဗ်ကို ကျေးဇူးတင် ကြောင်း ပြောပါတယ်။ မက်ဒီဒေ့ဗ်ဟာ ပူတင်က ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုတိယအကြီးအကဲအဖြစ် အလုပ်သစ်ကို လက်ခံရယူလိမ့်မယ်လို့ ပူတင်က ပြောပါတယ်။ အစိုးရသစ်ကို ဖွဲ့စည်းခန့်အပ်ပြီးတဲ့အထိ ရုရှားအစိုးရဟောင်းက အလုပ်ဆက်လုပ်နေဖို့ကိုလည်း ပူတင်က တောင်းဆိုခဲ့ပါတယ်။
1 year Ago
Up