ပြည်ထောင်စုသဘောတူစာချုပ်

August 21, 2020

စတုတ္ထအကြိမ်၂၁ ရာစုပင်လုံတွင် ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးကို စာချုပ်ချုပ်ဆို

အဆိုပြုချက် သုံးခုပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း သုံးကို ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ အတည်ပြုချုပ်ဆိုနိုင်ခဲ့ပါတယ်။ သဘောတူ ချုပ်ဆိုခဲ့တဲ့ အဆိုပြုချက်သုံးခုကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်တွေ၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက်အကောင်အထည်ဖော်ဖို့ အဆိုပြုချက်တွေ၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အ‌ခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လေးနှစ်တာကာလအတွင်း ကျမတို့ စိတ်ရောကိုယ်ပါ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ စိတ်မပျက်ကြဖို့ အားမလျော့ကြဖို့ ပြောခဲ့ပါတယ်။ အခုပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးကို လွယ်လွယ်ကူကူရခဲ့တာမ ဟုတ်ပါဘူး။ နိုင်ငံရေး အနိမ့်အမြင့်အတက်အကျတွေနဲ့ ကိုဗစ်-၁၉ ပြဿနာကြားမှာ ခက်ခက်ခဲခဲရရှိခဲ့တဲ့ သဘောတူစာချုပ်ဖြစ်ပါတယ်။ အခြေခံမူပဲမဟုတ်တော့ပါဘူး။ လက်တွေ့ကျကျ ဆောင်ရွက်နိုင်မယ့်  အချက်တွေပ ါဝင်လာပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်မယ်ဆိုတာ သံသယဖြစ်စရာ မရှိတော့ပါဘူး” လို့ ပြောပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးမှာ အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်၊ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်တင်မောင်ဝင်း၊ ‌တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် နိုင်အောင်မငေး၊ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ် ဦးသုဝေတို့က လက်မှတ်ရေးထိုးခဲ့တာပါ။  
1 year Ago

August 20, 2020

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းသုံးကို သြဂုတ် ၂၁ ရက်နေ့ ချုပ်ဆိုနိုင်မည်ဟု UPDJC ဒုဥက္ကဋ္ဌပြော

ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးကို သြဂုတ် ၂၁ ရက်နေ့မနက်ပိုင်းမှာ ချုပ်ဆိုနိုင်မယ်လို့ UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက ပြောပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းသုံးကိုချုပ်ဆိုနိုင်ဖို့  ၂၁ ရာစုပင်လုံစတုတ္ထအကြိမ် အစည်းအဝေးကို သြဂုတ် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပနေတာပါ။ ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးကို ချုပ်ဆိုနိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ဒီနေ့မနက်ပိုင်း စတင်ဆွေးနွေးနေပါတယ်။ ဒီနေ့ ၂၀ ကြိမ်မြောက် UPDJC အစည်းအဝေးရဲ့ရည်ရွယ်ချက်ကတော့ ၁၉ ကြိမ်မြောက် အစည်းဝေးမှာ သဘောတူညီထားတာတွေကို အခုကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှာ အတည်ပြုနိုင်ဖို့ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုဖို့ UPDJC အတွင်းရေးမှူးအဖွဲ့ ကတင်ပြလိုက်တဲ့ အချက်တွေကို အတည်ပြုဖို့ဖြစ်ပါတယ်။  အပိုင်းတစ်မှာ NCA ကို အကောင်အထည်ဖော်ဖို့ဖြစ်ပြီး အပိုင်းနှစ်မှာ ၂၀၂၀ အလွန် လုပ်ငန်းစဉ်တွေမှာ အဆင့်လိုက်အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ အပိုင်း ၃ မှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရေးဆိုင်ရာ အချက်တွေဖြစ်ပါတယ်။  ဒီအချက်တွေကို မနက်ဖြန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပြည်ထောင်စုသဘောတူ စာချုပ်အပိုင်း သုံးအဖြစ် ချုပ်ဆိုနိုင်ဖို့ ဒီနေ့အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက ပြောပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းသုံးကို ချုပ်ဆိုနိုင်ဖို့ အချက်ကိုးချက်ကို ၁၉ ကြိမ်မြောက် UPDJC အစည်းအဝေးမှာ သဘောတူထားပြီး ဖက်ဒရယ်အခြေခံမူငါးချက်ထဲက လေးချက်ကို သဘောတူချုပ်ဆိုနိုင်တော့မှာပါ။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် လမ်းကြောင်းဖြစ်တယ်လို့ ပြောထားပါတယ်။
1 year Ago
Up