ပြည်ထောင်စုလွှတ်တော်

February 25, 2021

ပြည်ထောင်စုလွှတ်တော် CDM ဝန်ထမ်း ၄၈ ဦးကို တာဝန်မှရပ်ဆိုင်း

အာဏာဖီဆန် CDM လုပ်နေတဲ့  ပြည်ထောင်စုလွှတ်တော်က ဒု ညွှန်ကြားရေးမှူးအပါအဝင် အရာရှိ၊ ဝန်ထမ်း ၄၈ ယောက်ကို  အာဏာသိမ်းစစ်ကောင်စီက တာဝန်ကနေ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။

လွှတ်တော်ရုံးဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ CDM လုပ်ခဲ့ကြပြီး တချို့ကတော့ ၂၃ ရက်နေမှာမှ CDM မှာ ပါဝင်ပေမဲ့ ခွင့်မဲ့ပျက်ကွက်ဆိုပြီး အဲနေ့မှာပဲ တာဝန်ကနေ ရပ်ဆိုင်းလိုက်တာပါ။

တာဝန်မှရပ်နားခံရတဲ့ ဝန်ထမ်းတွေကတော့ ဒုတိယညွှန်ကြားရေးမှူး ၁ ယောက်၊ လက်ထောက်ညွှန်ကြားရေးမှူး ၁ ယောက်၊ ဦးစီးအရာရှိ ၅ ယောက်၊ ဒုတိယဦးစီးမှူး ၁၆ ယောက်၊ ကွန်ပြူတာလုပ်ဆောင်ရေးမှူး ၆ ယောက်၊ အကြီးတန်းစာရေး ၁၀ ယောက်အပါအဝင် စုစုပေါင်း ၄၈ ယောက်ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဝန်ထမ်းအနည်းဆုံးဖြစ်ပေမဲ့ CDM အများဆုံးလုပ်ကြပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဝန်ထမ်းတွေကတော့ တပ်ဘက်ကလာတဲ့သူတွေ များတာကြောင့် ဝန်ထမ်းများပေမဲ့ CDM လုပ်တာက အယေက် ၃၀ လောက်ပဲ ရှိတယ်လို့ လွှတ်တော်ရုံးဝန်ထမ်းတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ CDM ဝန်ထမ်းအများစုဟာ နေရပ်ပြန်ကုန်ကြပြီး နေပြည်တော်မှာ ရှိနေသူ တချို့ကလည်း ဝန်ထမ်းအဆောင်မှာ မနေကြဘဲ CDM လုပ်သူတွေကို ကူညီနေသူတွေ စီစဉ်ပေးတဲ့နေရာတွေမှာ နေကြပါတယ်။

“ဥပဒေနဲ့မညီတာကိုတော့ ခေါင်းမညိတ်နိုင်ဘူးလေ။ အထက်လူကြီးတွေက အဆောင်ကိုလာပြီး ချော့တခါခြောက်တလှည့် စည်းရုံးကြတာ။ သူတို့ပြောတာမှာ ဘယ်အစိုးရတက်တက် ငါတို့အစိုးရပဲ လို့ ပြောလာတာနဲ့ အားလုံး ဝန်ထမ်းအိမ်ရာတွေမှာ မနေကြတော့ဘဲ ဆင်းလာကြတာ” လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က CDM လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

4 months Ago

January 12, 2021

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန်တောင်းဆိုချက် ပယ်ချခံရ  

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့ မရှိတဲ့ အကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီ ၁၂ ရက်‌နေ့စွဲနဲ့ အကြောင်းပြန်ကြား လိုက်ပါတယ်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့  ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ပြည်ထောင်စုလွှတ်တော် နာယကထံ စုစည်းတင်ပြတောင်းဆိုထားတဲ့ အပေါ် လွှတ်တော်ရုံးက အကြောင်းပြန်လိုက်တာ ဖြစ်ပါတယ်။ အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ တင်ပြတောင်းဆိုတဲ့ အကြောင်းပြချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေအရ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရမယ့် ကိစ္စမဟုတ်တာ၊  ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကို တိုင်ကြားကန့်ကွက်တာတွေကို ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တာကြောင့် အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ မလိုအပ်ဖူးလို့ လွှတ်တော်ရုံးရဲ့ အကြောင်းပြန်စာမှာဖော်ပြထားပါတယ်။   လွှတ်တော် အထူးအစည်းအဝေးခေါ်ပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၀ ဦးတို့က ပူးပေါင်း တောင်းဆိုထားတာဖြစ်ပါတယ်။  ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ကျန်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့၊ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးနိုင်ဖို့၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံတော်အခြေခံမူတွေ မပျက်ယွင်းအောင် ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်း ဆောင်ရွက်နိုင်ရန်ဖို့စတာတွေကို  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့နဲ့အညီ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။
5 months Ago

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကျင်းပရန် တောင်းဆို

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့  တပ်မတော်သားကိုယ်စားလှယ် ၁၆၀ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ပြည်ထောင်စုလွှတ်တော် နာယကဆီ စုစည်းတင်ပြတောင်းဆိုခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်က သတင်းထုတ်ပြန်ပါတယ်။        ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးခြင်း မရှိသေးပေမယ့် လွှတ်တော် အစည်းအဝေးတွေကို ခေါ်ယူကျင်းပတာတွေ မရှိတော့ဘဲ တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ စတင် ကျင်းပဖို့ ခေါ်ယူနေတာကို တွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ကျန်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့၊ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးနိုင်ဖို့၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံတော်အခြေခံမူတွေ မပျက်ယွင်းအောင် ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်း ဆောင်ရွက်နိုင်ရန်ဖို့စတာတွေကို  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့နဲ့အညီ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို တောင်းဆိုရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံတပုံကျော် ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၀ ဦး တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
5 months Ago
More News
Up