ပြည်ထောင်စုလမ်းမ

June 19, 2021

ပြည်ထောင်စုလမ်းမပေါ် ကုန်တွဲကား ၁ စီးထပ်မံ မီးရှို့ခံရ

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းအဓိက ကုန်သွယ်ရာ ပြည်ထောင်စုလမ်းမပေါ်မှာ ဇွန်လ ၁၉ ရက် မနက် ၈ နာရီလောက်က ဘိလပ်မြေတင်ထားတဲ့ ကုန်တွဲကား တစ်စီး မီးရှို့ခံရတယ်လို့  မျက်မြင်တွေထံက သိရပါတယ်။

မူဆယ်အထွက် တာလုံရွာမရောက်ခင် မော်တောင်းရွာအကျော် S ကွေ့နား မီးလောင်ခဲ့တာလို့ ကားသေးနဲ့ ဖြတ်သန်းသွားတဲ့ မျက်မြင်တစ်ဦးကပြောပါတယ်။ 

“ကားမီးလောင်တဲ့နေရာ ကျော်ခဲ့ပြီ။ လမ်းမှာ ခုလေးတင် မီးလောင်နေတာ။ ကားကြီးတွေတော့သွားလို့ မရဘူး။ ကားသေးတွေတော့ သွားလို့ရတယ်။ လောင်တဲ့ ကားတော့ တာလုံရွာ မရောက်ခင်မှာ မူဆယ်ကိုတက်လာတဲ့ အတက် တွဲကားတစ်စီးပဲ။ လမ်းတော့ မပိတ်ထားဘူး။ ကားကြီးတွေတော့ ရပ်ထားတယ်။ ကားသေးတွေသွားဖို့ လမ်းဖွင့်ထားပေးတယ်။ စစ်သားတွေ ရှိတာတော့ မတွေ့ဘူး။ ကားသမားတွေတော့ ရှိနေကြတယ်။"။ 

ဒီမနက်တိုက်ပွဲဖြစ်တာတော့ မရှိသလို ဘယ်သူ့ကားကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်မီးရှို့တယ်ဆိုတာမသိရသေးပါဘူး။

တာလုံရွာခံတစ်ဦးက “တာလုံနားမှာ ကားမီးရှို့ခံရတာ ဟုတ်တယ်။ ကားတစ်စီး။ မီးခိုးတလူလူနဲ့ ပစ်ခတ်တာတွေတော့မရှိဘူး။ ဘယ်သူတွေရှို့တာတော့ မသိဘူး။” လို့ ပြောပါတယ်။ 

လူထိခိုက်ဒဏ်ရာရတာတွေ မရှိကြောင်းနဲ့ ကုန်တင်ကားကြီးတချို့နဲ့ ခရီးသည်တင်ကား တချို့ ဘေးလွတ်ရာမှာ စောင့်နေကြရတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်-နမ့်ဖတ်ကာကြား၊ ရှုခင်းသာ တာဝါတိုင်နားမှာ ဇွန်လ ၁၈ ရက် နေ့ခင်းကလည်း  တွဲကား ၁ စီး မီးရှို့ခံရပြီး ၂ စီး ကတော့ လက်နက် ကြီးထိမှန်ခဲ့ပါတယ်။ 

ဇွန်လ ၁၈ ရက် ညနေ ၅ နာရီခွဲလောက်မှာတော့  ကွတ်ခိုင်မြို့နယ် တရုတ်မန်တုံနဲ့ ပန်ကူရွာနားမှာလည်း စစ်ကြောင်းချီ လှုပ်ရှားနေတဲ့ ကောင်စီတပ်နဲ့  MNDAA၊ TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့​တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကွက်ခိုင်မြို့အထွက် နမ့်ပါချီးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း  မေလ ၁၈ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ဆီဘောက်ဆာကားတစ်စီး မီးရှို့ခံခဲ့ရပါသေးတယ်။

ဇွန်လ ၁၅ ရက်မှ ဇွန်လ ၂၀ ရက်နေ့အထိ လားရှိုး - မူဆယ်လမ်းမကြီးပေါ်  အရေးမကြီးပါက သွားလာခြင်း မပြုကြဖို့  အသိပေးထားတာရှိပါတယ်။

7 months Ago
Up