ပြည်ထောင်စုနေ့အကြို

February 7, 2020

ဖိတ်ခေါ်မြင်းစီပြိုင်ပွဲ သာယာဝတီမြို့တွင် ကျင်းပ

၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဖိတ်ခေါ်မြင်းစီးအားကစားပြိုင်ပွဲကို ပဲခူးတိုင်း သာယာဝတီမြို့နယ် ကျောင်းစုရပ်ကွက်၊လွှစာတုန်းကွင်းကျေးရွာမှာ ဖေဖော်ဝါရီ ၆ ရက်က စတင် ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲမှာ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက မြင်းကောင်ရေ ၄၀ လောက်ပါဝင်ကာ ပြေးလမ်းပေ ၂၄၀၀ မှာ ဒုန်းပြိုင်ပွဲကို ကျင်းပမှာဖြစ်ပြီး ပထဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်းနဲ့ တတိယဆု ၅ သိန်းပေးသွားမယ်လို့ သိရပါတယ်။ မြင်းတွေ အရည်အသွေးမြင့်မားစေဖို့၊ ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်ဖွံ့ဖြိုးတဲ့ လူငယ်တွေ ဖြစ်စေဖို့နဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ကာ ပြိုင်ပွဲလုပ်တာလို့  ဦးဆောင်ကျင်းပသူ သာယာရွှေဆယ်မြင်းစီးအသင်းပိုင်ရှင် ဦးရဲလေးက ပြောပါတယ်။ “တနိုင်ငံလုံးကို ဖိတ်ခေါ်ထားပေမဲ့ တိုင်း ၅ ခုက လာပြိုင်တယ်။ အစိုးရအဖွဲ့အစည်းတွေအ နေနဲ့ဦးစီးပြီး နှစ်စဉ်ကျင်းပပေးမယ်ဆိုရင် မြင်းစီးအားကစားပြန်ဖွံ့ဖြိုးလာမယ်မှာပါ။" မြင်းစီးအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက်ကစတင်ပြီး ၁၂ ရက်နေ့ အထိ ကျင်းပနေတာ ဖြစ်ပြီး ဖွင့်ပွဲကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း နဲ့ သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ဖွင့်လှစ်ပေးခဲ့တာပါ။ မြန့်မာရိုးရာ ဒုန်းပြိုင်ပွဲတွေကို သီးသန့်ကျင်းပနိုင်ဖို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ ချူပ်အနေနဲ့ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီဆိုပြီး ထပ်မံဖွဲ့စည်းထားပြီး တနိုင်ငံလုံးအနေနဲ့ မြင်းစီးအားကစားအသင်း ၆ သင်းအထိ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ “မြင်းစီးအားကစားနည်းမျိုးစုံတွေထဲမှာ ကမ္ဘာကို ထိုးဖောက်နိုင်မယ့် အလွယ်ကူဆုံးနည်းက ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲဖြစ်တယ်။ ကျနော်တို့ ဗမာမြင်းမျိုးတွေက ခရီးရှည်မြင်းစီး အား ကစားနဲ့အဆင်ပြေလို့ တခြားနိုင်ငံတွေကပါ မျက်စိကျနေကြတာ။ အခုဆို မြန်မာနိုင်ငံမှာ ကီလို ၈၀ အထိပြိုင်ပွဲတွေ ကျင်းပပေးနိုင်ခဲ့ပြီး 1 star Level အဆင့်ထိ တက်ရောက်ဖို့ အသင့်ဖြစ်နေပါပြီ" လို့ မြန်မာနိုင်ငံ မြင်းစီးအားကစားကော်မတီအဖွဲ့ဝင် ဦးဝင်းအောင်က ပြောပါတယ်။ မေသွယ်
1 year Ago
Up