ပြည်ထောင်စုထဲက

February 9, 2020

ပြည်ထောင်စုထဲက မတူ ကွဲပြားမှုများကို အင်အားအဖြစ် စုစည်းရန် အရေးကြီးဟု အတိုင်ပင်ခံပြော

ပြည်ထောင်စုထဲက မတူကွဲပြားတာတွေကို အင်အားအဖြစ် စုစည်းဖို့ အင်မတန်အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မွန်အမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။ ဒီနေ့ကျရောက်ပြီး ၇၃ ကြိမ်မြောက် ကျင်းပနေတဲ့ အခမ်းအနားတွေဆီကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သဝဏ်လွှာ ပေးပို့လိုက်တာပါ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံ ဖြစ်တဲ့အလျောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အင်မတန်အရေးကြီးတယ်လို့ ဆိုပါတယ်။ ဘိုးဘွားတွေရဲ့ ပြည်ထောင်စုအိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ မတူကွဲပြားတာတွေကို အင်အားအဖြစ်စုစည်းနိုင်ဖို့ အထူးအရေးကြီးတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့လို့ တိုင်းရင်းသားတွေ အကြား စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့တဲ့ အကျိုးဆက်ကတော့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးပြီး ဖွံ့ဖြိုးတိုးတက်တာ နှောင်းနှေးနေတာကို ဝမ်းနည်းဖွယ်ရာတွေ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အစိုးရအနေနဲ့ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေးကြိုးပမ်းနေတာ အားလုံး အသိပဲ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောထားပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားအားလုံးရဲ့ အိပ်မက်ဖြစ်တဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူအရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးတို့ အမှန်တကယ် အကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။ သာမလနဲ့ ဝိမလ မွန်ညီနောင်နှစ်ပါးက ဟံသာဝတီ ပဲခူးမြို့တော်ကို စတင်ထူထောင်ခဲ့တဲ့ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် ၁၉၄၆ ခုနှစ်က သံဖြူဇရပ်မှာ ကျင်းပတဲ့ မွန်အမျိုးသားညီလာခံက ဆုံးဖြတ်ခဲ့တာပါ။
1 year Ago
Up