ပြည်ထောင်စု

March 2, 2020

ပြည်ထောင်စုဆိုတာ ၁၉၆၂ ခုနှစ်ကတည်းက မရှိတော့ဘူး - ဗိုလ်ချုပ်ကြီး ယွက်စစ်

ပြည်ထောင်စုဆိုတာ ၁၉၆၂ ခုနှစ်ကတည်းက မရှိတော့ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့စတင်ကျင်းပနေတဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က  ပြောဆိုခဲ့တာပါ။  “ဒီနေ့ဟာ ပြည်ထောင်စု မပြိုကွဲဖို့ဆိုပြီး တပ်မတော်က အာဏာသိမ်းခံရခဲ့တဲ့ ၅၈ နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။ အာဏာသိမ်းသူတွေက ပြည်ထောင်စုမပြိုကွဲအောင် ကယ်တင်တဲ့နေ့လို့ ဆိုပေမယ့် မိမိတို့ တိုင်းရင်းသားတွေကတော့ ပြည်ထောင်စုပြိုကွဲခဲ့တဲ့နေ့လို့သာ သတ်မှတ်ကြတယ်။ ပြည်ထောင်စုကို ပင်လုံ ကတိကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်တို့အပေါ်အခြေခံပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဉပဒေ ရှိခဲ့လို့သာ လွတ်လပ်ရေးရခဲ့တာဖြစ်လို့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာတာ ဖြစ်တယ်။ ပြည်ထောင်စုကို ပေါ်ထွန်းစေခဲ့တဲ့  ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဉပဒေကို ဖျက်ဆီးလိုက်ပြီဆိုမှတော့ ပြည်ထောင်စုဟာ ၁၉၆၂ ခုနှစ်ကတည်းက မရှိတော့ပါဘူး။” ဒါကြောင့်မို့ တရားမျှတမှု၊ တန်းတူညီမှု၊ လွတ်လပ်မှုတွေကို အခြေခံပြီး ပင်လုံကတိ၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်တွေနဲ့အညီ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်တွေ အပြည့်အဝရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားရမယ်လို့လည်း ဆိုပါတယ်။ လွှတ်တော်တွင်း ဆောင်ရွက်နေတဲ့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကို နားစွင့်ထားကြဖို့လည်း  PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က တိုက်တွန်းပါတယ်။
2 years Ago
Up