ပြည်ခရိုင်

April 3, 2020

COVID-19 လူနာနှင့်ထိစပ်ခဲ့သည့်  ပြည်ခရိုင်ရှိ မြို့နယ် လဝက ရုံး ၃ ရုံးကို ပိတ်ထား

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့မှာ နောက်ဆုံးတွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ မြို့နယ် ဒုအုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေထိတွေ့မှုရှိခဲ့တာကြောင့် ပြည်ခရိုင်ထဲက မြို့နယ် လဝက ရုံး ၃ ရုံးကို  ယာယီပိတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ပေါက်ခေါင်းမြို့တမြို့ထဲက မိသားစုဝင် ၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။ အဲဒီထဲက အမှတ် ၁၇ လူနာ ဖြစ်တဲ့ ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနဲ့ ထိတွေ့ခဲ့တဲ့ ပဲခူးတိုင်း လဝကဝန်ကြီးခရီးစဉ်မှာ အတူသွားခဲ့တဲ့ လဝက ဝန်ထမ်းတွေကို Faciality  Quarantine လုပ်ထားလိုက်ပြီး၊ ပြည်လဝက ၊ သဲကုန်း လဝက နဲ့ ပေါက်ခေါင်းလဝက ရုံးတွေကို ဧပြီ ၃ ရက်နေ့ကစပြီး ယာယီပိတ်လိုက်ပါပြီလို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့စွမ်းအား  ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။ ရောဂါပိုးတွေ့သူနဲ့ တိုက်ရိုက်ထိခဲ့တဲ့သူတွေကို Faciality  Quarantine လုပ်ထားပြီး ကျန်သူတွေနဲ့ အရေးကြီးကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ပါသေးတယ်လို့ ပြည်ခရိုင် လဝက ရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဆွေဦးက  ပြောပါတယ်။ ရောဂါပိုးတွေ့ရှိသွားတဲ့ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ထိတွေ့ခဲ့တဲ့ လဝက ဝန်ထမ်းတွေကတော့ ပေါက်ခေါင်းမြို့က လဝက ဝန်ထမ်း ၆ ဦး၊ သဲကုန်းမြို့က လဝက ဝန်ထမ်း ၄ ဦးနဲ့ ပြည်မြို့နယ်က လဝက ဝန်ထမ်း ၂  ဦးတို့ဖြစ်ပြီး လက်ရှိမှာ သူတို့ ၁၂ ယောက်ကို Home Quarantine လုပ်ထားပြီး လိုအပ်တာတွေကို ဖုန်းနဲ့ဆက်သွယ်ဆောင်ရွက်ခိုင်းထားပါတယ်။  ကျန်သူတွေကတော့ အလှည့်ကျစနစ်နဲ့ ရုံးအလုပ်တွေလုပ်ပေးဖို့အ တွက်ညွှန်ကြား ထားတယ်လို့ ပြည်ခရိုင် လဝက ရုံးကနေသိရပါတယ်။ ပေါက်ခေါင်းမြို့က အမှတ်၁၇ လူနာနဲ့ ထိစပ်နိုင်တဲ့  ပြည်မြို့ လမ်းမတော်လမ်းက ပဒေသာ အသံချဲ့စက်ဆိုင်နဲ့ စည်ပင်သာယာဈေးတွေကိုလည်း ဒီကနေ့စပြီး ပိတ်သိမ်းထားလိုက်ပါတယ်။
1 year Ago
Up