ပြည်ကြီးတံခွန်မြို့နယ်

April 28, 2021

ပြည်ကြီးတံခွန်၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကင်းသမား ၁ ဦးကျည်ထိမှန်ပြီး ၁ ဦးအဖမ်းခံရ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊  ဋ ရပ်ကွက်မှာ  ဧပြီ ၂၈ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူ့လုံခြုံရေး ကင်းစောင့်ပေးနေတဲ့ ကင်းသမား ၁ ဦး သေနတ်ကျည်ထိမှန်ခဲ့ပြီး နောက် ၁ ဦးအဖမ်းခံခဲ့ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ညသပိတ်ပြုလုပ်ဖို့ လူစုနေချိန်မှာ ရဲနဲ့ စစ်တပ်ကား ၈ စီးနဲ့ရောက်ရှိလာပြီး ပစ်ခတ်ချိန်မှာ ကင်းသမားတွေ ရှောင်ချိန်မရဘဲ  ၁ ဦး ကျည်ထိမှန်ခဲ့ပြီး ၁ ဦးကို ကားပေါ်ဆွဲတင်သွားတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ခံထားရတဲ့ ဆရာတော်က မိန့်ပါတယ်။

ဒုမြို့တော်ဝန်အိမ်ဗုံးပေါက်ကွဲတဲ့နေရာကို စစ်တပ်နဲ့ရဲ ကား ၁၀ စီးနဲ့လာရင်း ၈ စီးက ခုလို ရပ်ကွက်ထဲဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ရဲနဲ့စစ်တပ်ပြန်သွားချိန်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကို ပြည်သူတွေက ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာ  ဧပြီလ ၂၀ ရက်ကလည်း ညသပိတ်ပြုလုပ် ဆန္ဒပြနေစဉ် စစ်တပ်နဲ့ရဲက လာရောက် ဖြိုခွင်းခဲ့ပါတယ်။

1 week Ago

October 15, 2020

ပြည်ကြီးတံခွန်မြို့နယ်ရှိ  UAB ဘဏ်ခွဲ ဓားပြတိုက်ခံရ 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊  ၆၂ လမ်း ၁၃၁ လမ်းထောင့်ရှိ UAB ဘဏ်ခွဲမှာ  အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီကျော်အချိန်က ဓားပြတိုက်ခံရပါတယ်။ ကျူးလွန်သူဟာ ဘဏ်ကိုကားနဲ့ လာရောက်ကာ သေနတ်ပြခြိမ်းခြောက်လုယက်တာဖြစ်ပြီး တစ်ယောက်တည်းဖြစ်တယ်လို့ ပတ်ဝန်းကျင် က ပြောဆိုကြပါတယ် ။ သတင်းအတိအကျကိုတော့ ရဲတပ်ဖွဲ့ က ထုတ်ပြန်တာမရှိသေးပါဘူး။ အဆိုပါ ဘဏ်ဓားပြတိုက်မှုမှာ  ဘဏ်ကနေ  ငွေကျပ် သိန်း ၂၀၀ လောက်ပါသွားပြီး ဓားပြတိုက်သူဟာ သူမောင်းလာတဲ့ကားကို  ပြည်ကြီးတံခွန်မြို့နယ် (၆၉/A)လမ်း၊ မြဝတီမင်းကြီးလမ်းနဲ့ ကနောင်မင်းသားကြီးလမ်းကြားမှာ မီးရှို့ထားပစ်ခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ကနဦးသိရပြီး ရဲတပ်ဖွဲ့က ဘဏ်အနီးမှာ လုံခြုံရေးချထားကာ စစ်ဆေးနေပါတယ်။ သတင်း - နိုင်လင်းဦး
7 months Ago
More News
Up