ပြင်ဦးလွင်မြို့

December 23, 2020

ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက်တို့တွင် ပြင်ဦးလွင်မြို့သို့ အလည်လာခွင့် တားမြစ်မည်

ခရစ္စမတ်နဲ့ နှစ်သစ်ကူးပိတ်ရက်တွေမှာ ပြင်ဦးလွင်မြို့ အလည်လာရောက်ခွင့်တားမြစ်ပြီး စစ်ဆေးရေး တင်းကျပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ တန်ဆောင်တိုင်ပိတ်ရက်က ပြင်ဦးလွင်ကို လာရောက်သူ များပြားခဲ့ပြီးနောက် မြို့တွင်း ပိုးတွေ့ရှိမှု များလာရာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အခုလို တားမြစ်ဖို့ ပြင်ဆင်နေတာလို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာသန်းဝင်းက ပြောပါတယ်။ “ပြင်ဦးလွင်က ခရီးသွားမြို့ ဖြစ်တာကြောင့် ပိတ်ရက်တွေမှာ လာရောက်မယ့်လူတွေ များနိုင်တဲ့အတွက် ပြင်ဆင်နေတာပါ။ အထူးသဖြင့် မန္တလေးပေါ့၊ မန္တလေးက ပိုးတွေ့သူ များနေတော့ ကန့်သတ်မှုတွေလုပ်ဖို့ ပြင်ဆင်နေတာပါ။ ကျန်းမာရေးထောက်ခံချက်မပါဘဲ အလည်အပတ်လာသူ အားလုံးကို ပြန်လွှတ်မှာပါ။ တန်ဆောင်တိုင်ကာလက လာရောက်သူတွေ များခဲ့တော့ ပြင်ဦးလွင်မှာ ပိုးတွေ့ရှိမှု များလာတဲ့အတွက် တားမြစ်ဖို့ ပြင်ဆင်ရတာပါ။ အရင်က ပြင်ဦးလွင်မြို့ရှောင်လမ်း သံမဏိစက်ရုံအနီးမှာ စစ်ဆေးရေးဂိတ် ပြုလုပ်ခဲ့ပေမယ့် စစ်ဆေးရေးဂိတ် မရောက်ခင် ကြားလမ်းတချို့(ရှောင်ခွင်လမ်း) ကနေ ဝင်ရောက်မှုတွေ ရှိနေတဲ့အတွက် ပြင်ဦးလွင်အတက်လမ်း ၂၃ မိုင်မှာ စစ်ဆေးရေးဂိတ် ပြုလုပ်သွားမှာပါ။ အဲဒီစစ်ဆေးရေးဂိတ် ပြုလုပ်တာအပြင် မြို့တွင်း ဝင်ရောက်လည်ပတ်နိုင်တဲ့ နေရာတွေကို အဖွဲ့ လေးဖွဲ့ ခွဲကာ စစ်ဆေးသွားမှာဖြစ်ပြီး လမ်းမကြီးတချို့မှာလည်း ပူးပေါင်းအဖွဲ့တွေက စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ခရစ္စမတ်ပိတ်ရက် ဒီင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်ထိ၊ နှစ်သစ်ကူးပိတ်ရက် ဒီဇင်ဘာ ၃၁ ရက်ကနေ ဇန်နဝါရီ ၄ ရက်ထိ စတဲ့ နေ့ရက်တွေမှာ ပြင်ဦးလွင်စစ်ဆေးရေးဂိတ်ကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။ သတင်း - သော်တာ
10 months Ago
Up