ပြင်သစ်အမျိုးသားနေ့

July 15, 2020

ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်သစ်အမျိုးသားနေ့ကို အကျဉ်းချုံး ကျင်းပ

ပြင်သစ်နိုင်ငံရဲ့  အမျိုးသားနေ့ (Bastille Day) အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ အခြေအနေ အကြောင့်  ခါတိုင်းနှစ်တွေလို တင့်ကားတွေ၊ စစ်သည်တွေချီတက်တာတွေ မပါဝင်ဘဲ ဇူလိုင် ၁၄ ရက်က အကျဉ်းချုံး ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတမာခွန်းကတော့ အမိုးဖွင့်ဂျစ်ကားပေါ်ကနေ ပလာဒီလာကွန်ဒေါရင်ပြင်မှာ  တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ ရပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာလည်း အခမ်းအနားအတွင်း ရင်ပြင်ထက်မှာ တပ်ဖွဲ့ဝင်တွေနဲ့အတူ ပါဝင်ခဲ့ပြီး တက်ရောက်သူတွေရဲ့ ချီးကျူးသြဘာကို ခံယူခဲ့ပါတယ်။ နောက်ပြီး ဒါဟာ ၁၉၈၀ နောက်ပိုင်း ရှောင်စေလီစေလမ်းမတလျှောက် စစ်ရေးပြ အခမ်းအနားမကျင်းပတဲ့ ပထမဆုံး အမျိုးသားနေ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှာကို ရှောင်ရှားစေဖို့ အခမ်းအနား ကြည့်ရှုသူတွေကိုလည်း ပလာဒီလာကွန်ဒေါရင်ပြင်အနီး လာခွင့်မပြုခဲ့ပါဘူး။ အခမ်းအနားကို ပြင်သစ်လေတပ် လေယာဉ်တွေ ဂုဏ်ပြုပျံသန်းမှုနဲ့ စတင်ခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာသူ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေဟာလည်း တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ အနေအထားနဲ့ နေရာယူခဲ့ကြပါတယ်။ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကြုံခဲ့ရတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်မှာ သေဆုံးသူ  ၃၀၀၀၀ ထက်မနည်း ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up