ပြင်သစ်ရဲ

November 28, 2020

လူမည်း ၁ ဦးအား ပြင်သစ်ရဲများ ဝိုင်းဝန်းထိုးကြိတ်ခဲ့မှု စောင့်ကြည့်ရေးအဖွဲ့ စုံစမ်း

ပြင်သစ်နိုင်ငံမှာ နှာခေါင်းစည်းမတပ်ဘဲ  အပြင်ထွက်တဲ့ လူမည်း ဂီတပရိုဂျူဆာ တယောက်ကို ရဲတွေက ဝိုင်းထိုးကြိတ်ပြီး လူမျိုးရေးအရ ဆဲဆိုတဲ့ဖြစ်ရပ်အပေါ် စုံစမ်းနေတယ်လို့  IGPN  ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်မှာ ပြောဆိုပါတယ်။  အဲဒီဖြစ်ရပ်ကို စီစီတီဗွီကင်မရာနဲ့ မိုဘိုင်းဖုန်းကနေ မှတ်တမ်းတင်ထားခဲ့ပြီး  ဗွီဒီယိုကို  LoopSider သတင်းဌာနက ရရှိခဲ့ပါတယ်။  သူ့ကိုယ်သူ မီရှယ်လို့ပဲ ဖော်ပြခဲ့တဲ့ ထိုးကြိတ်ခံရသူက သူဟာ  နိုဝင်ဘာလ ၂၁ ရက်က ပဲရစ်မြို့မှာ  ကိုဗစ်စည်းကမ်းချိုးဖောက်ပြိး နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်ခဲ့တယ်လို့ ပြောဆိုပါတယ်။  အဲဒီနောက် ရဲကားကို တွေ့တော့ ဒဏ်တပ်ခံရမှာစိုးပြီး သူ့စတူဒီယိုအတွင်း ပြေးဝင်ခဲ့တယ်လို့  မီရှယ်က ဆိုပါတယ်။  ဒါပေမဲ့လည်း ရဲတွေက စတူဒီယိုထဲအထိ နောက်ကလိုက်လာပြီး သူ့ကို ထိုးကြိတ်ဆဲဆိုခဲ့တယ်လို့ မီရှယ်က ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် ရဲတွေကို တရားဝင်အမှုဖွင့်သွားမယ်လို့  မီရှယ်ရဲ့ ရှေ့နေက ပြောဆိုပါတယ်။  ဒီသီတင်းပတ်အစောပိုင်းကလည်း ရွှေ့ပြောင်းလာသူတွေရဲ့ ဆန္ဒပြပွဲတွေကို ရှင်းလင်းရာကနေ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ပြင်သစ်ရဲတပ်ဖွဲ့ဟာ ဝေဖန်ခံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago

June 12, 2020

အသစ်ချမှတ်လိုက်သည့်ပြုပြင်ပြောင်းလဲရေးများကို ပြင်သစ်ရဲများ ဆန္ဒပြ

ပြင်သစ်နိုင်ငံတဝန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အစိုးရက မကြာမီက ချမှတ်လိုက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဇွန်လ ၁၁ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။  ရဲတပ်ဖွဲ့ဝင်တော်တော်များများဟာ သူတို့ရဲ့ရဲစခန်းတွေရှေ့မှာပဲ လက်ထိပ်တွေ၊ အသုံး အဆောင်ပစ္စည်းတွေကို ပစ်ချပြီး ဆန္ဒပြခဲ့တာပါ။  ရဲက တရားခံဖမ်းဆီးရာမှာ လည်ပင်းကို သိုင်းဖက်ပြီး ချုပ်ဖမ်းတဲ့နည်းကို ပြည်ထဲရေး ဝန်ကြီးက ပိတ်ပင်လိုက်ပြီလို့ တနင်္လာနေ့က ကြေညာအပြီး ခုလို ဖြစ်လာတာပါ။  ပြင်သစ်ရဲဝန်ထမ်းသမဂ္ဂတွေကတော့ လက်နောက်ပြန်ချုပ်ပြီး ခေါင်းကို မြေကြီးမှာဖိပြီး ဖမ်းဆီးနည်းကို ပြန်သုံးခွင့်ပေးစေချင်နေပါတယ်။  ဒါပေမဲ့ အမေရိကန်မှာ လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲကဖမ်းဆီးစဉ်မှာ သေဆုံးခဲ့မှုနဲ့ ပြင်သစ်မှာလည်း ၂၀၁၆ ကနေ ၂၀၂၀ အတွင်း ရဲကဖမ်းဆီးလို့ သေဆုံးခဲ့ရတဲ့ အဒါမာ ထရာအိုရေးနဲ့ စီဒရစ် ချော်ဗစ်တို့အတွက် ဆန္ဒပြပွဲတွေ ဖြစ်လာတာမို့ ပိတ်ပင်လိုက်တာပါ။  ဇွန် ၁၂ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေက အစိုးရကို ကန့်ကွက်ဆန္ဒပြပွဲတွေ ထပ်ဖြစ်လာဖို့ ရှိတယ်လို့ ရိုက်တာက ရေးပါတယ်။
2 years Ago
More News
Up