ပြင်သစ်နိုင်ငံ

June 5, 2022

အာဏာသိမ်းစစ်ကောင်စီကို တရားမဝင်စစ်အစိုးရဟု ပြင်သစ်နိုင်ငံက သုံးနှုန်း၊ သေဒဏ်ပေးမှု ကန့်ကွက်ရှုတ်ချ

အာဏာသိမ်းစစ်ကောင်စီကို တရားမဝင်စစ်အစိုးရလို့ ပြင်သစ်နိုင်ငံက သုံးနှုန်းလိုက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လူလေးယောက်ကို ကွပ်မျက်ဖို့ ဆုံးဖြတ်ကြောင်းစစ်ကောင်စီက ကြေညာခဲ့တာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုအတွက် ခုခံကာကွယ်သူတွေကို နောက်တစ်ကြိမ် ထပ်ပြီး ပစ်မှတ်ထားဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

နိုင်ငံအတွင်း သေဒဏ်ပေးမှုနဲ့ပတ်သက်ပြီး  အနှစ် ၃၀ ကျော် ဆိုင်းငံ့ထားတာကို ဖောက်ဖျက်တာဟာ ကြီးမားတဲ့ ဆုတ်ယုတ်မှုတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ခုံရုံးတွေက သေဒဏ် ၁၁၃ မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံဟာ နေရာတိုင်းနဲ့ အခြေအနေအရပ်ရပ်မှာ   သေဒဏ်ကို အဆက်မပြတ် ဆန့်ကျင်ပြီး နိုင်ထက်စီးနင်းဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ စစ်တပ်ကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ သက်ဆိုင်သူအားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေဖေါ်ဆောင်ဖို့ထပ်မံတောင်းဆိုတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တရားမ၀င်တဲ့ စစ်အစိုးရက ကျင့်သုံးနေတဲ့ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေတဲ့ မြန်မာလူမျိုးတွေကို ပြင်သစ်က လေးစားပြီး ဆက်လက် ထောက်ခံသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ (ခ) ဦးကျော်မင်းယုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပေါ်ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုဆုံးဖြတ်လိုက်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ပြင်သစ် စတဲ့နိုင်ငံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချထားပါတယ်။

စစ်ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့လိုပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ လိုတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကရဲ့ ပြောခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောပါတယ်။ 

ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်နှစ်ယောက်ကို သေဒဏ်ပေးဖို့ စစ်ကောင်စီက ဆုံးဖြတ်လိုက်တာဟာ ပြည်သူတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပိုပြိး ကြီးထွားစေလိမ့်မယ်။ ယမ်းပုံမီးကျ ဖြစ်လိမ့်မယ်။ အာဏာသိမ်း စစ်ကောင်စီဟာလည်း အာရှမှာ အဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပုံရိပ်ကို ခိုင်မာစေလိမ့်မယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့  (HRW) အဖွဲ့ကပြောပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးဖို့ ကြံစည်နေတာကို ချက်ခြင်း ဖျက်သိမ်းဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီကိစ္စမှာ ကြားဝင်ဟန့်တားဖို့ တောင်းဆိုလိုက်ပါတယ်။

Photo- France Birmanie

6 months Ago

June 30, 2020

ပြင်သစ်နိုင်ငံတွင် သက်တမ်း ၄၃ နှစ်ရှိ နျူကလီးယားဓာတ်အားပေးစက်ရုံ ပိတ်သိမ်း

ပြင်သစ်နိုင်ငံအရှေ့ပိုင်းက သက်တမ်း ၄၃ နှစ်ရှိပြီဖြစ်တဲ့ ဖက်ဆဲန်ဟိုင် နျူကလီးယားဓာတ်အားပေးစက်ရုံကို ဇွန်လ ၃၀ ရက် ညမှာ ပိတ်ချတော့မှာ ဖြစ်ပါတယ်။ ပြင်သစ်-ဂျာမနီ နယ်စပ်နားမှာရှိတဲ့ ဒီစက်ရုံဟာ ပြင်သစ်ရဲ့ သက်တမ်းအရင့်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုလည်း ဖြစ်ပြီး အစိုးရပိုင် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း EDF က လုပ်ကိုင် ဆောင်ရွက်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။ နျူကလီးယားစွမ်းအင်ကို မှီခိုမှုလျှော့ချရေး ပြင်သစ်ရဲ့ စီမံကိန်းအစိတ်အပိုင်းလည်း ဖြစ်ပါတယ်။  ပြင်သစ်ဟာ လျှပ်စစ်သုံးစွဲမှု ၇၅ ရာခိုင်နှုန်းကို နျူကလီးယားစက်ရုံတွေက ရပါတယ်။ ဒါပေမဲ့ စက်ရုံ အများအပြားက အိုမင်းဟောင်းနွမ်းနေတာပါ။ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို ပိုပြီး အားကိုးမှာမို့ ၂၀၃၅ မှာ နျူကလီးယားစွမ်းအင်သုံးစွဲမှု ထက်ဝက်လျှော့ချဖို့ ပန်းတိုင် သတ်မှတ်ထားပါတယ်။
2 years Ago
More News
Up