ပြင်သစ်စစ်တပ်

June 12, 2021

မာလီစစ်ဆင်ရေးတွင် အယ်လ်ကေးဒါးခေါင်းဆောင် ၁ ဦး သေဆုံးဟု ပြင်သစ်စစ်တပ်ပြော

ပြင်သစ်စစ်တပ်ဟာ အာဖရိက ဆာဟဲလ်ဒေသမှာ စစ်ဆင်ရေးတရပ် လုပ်နေချိန်အတွင်း အယ်လ်ကေးဒါး ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့၀န်ကြီး ဖလော်ရန့်စ်ပါလေက  ဇွန် ၁၁ ရက်မှာ ပြောကြားပါတယ်။ 

ဇွန် ၅ ရက်က မာလီနိုင်ငံမြောက်ပိုင်း အဂူလ်ဟွခ်မှာ ရှိတဲ့ ကုလသမဂ္ဂဌာနဝင်းတစ်ခုကို စစ်သွေးကြွတွေကတိုက်ခိုက်ဖို့စီစဉ်ထားတာကို Barkhane နှိမ်နင်းရေးတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ရတာကြောင့် စစ်ဆင်ရေးကို အမြန်ဆုံး စတင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂမစ်ရှင်ရဲ့ ချာဒီရန်တပ်ရင်းက တပ်စွဲထားတဲ့နေရာမှာ မော်တာလက်နက်တွေနဲ့ ပစ်ခတ်ဖို့ပြင်ဆင်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် ၄ ဦး သေဆုံးသွားကြောင်းနဲ့အဲ့ဒီသေဆုံးသူတွေထဲက မာဂရက်ဘ်အယ်လ်ကေးဒါးအစ္စလာမ်မစ်အဖွဲ့က အဆင့်မြင့် အဖွဲ့ဝင်တယောက်ဖြစ်တဲ ဘာယီအာ့ဘာခါဘိုဟာ  ၂၀၁၃ ခုနှစ်က ပြင်သစ် နိုင်ငံသား ဂျာနယ်လစ် ၂ ယောက်ကို ပြန်ပေးဆွဲခြင်းနဲ့ သတ်ဖြတ်ခြင်းတို့အတွက် တာဝန်ရှိတဲ့သူလို့လည်း လက်နက်ကိုင်တပ်ဖွဲ့၀န်ကြီး ဖလော်ရန့်စ်ပါလေက ပြောကြားပါတယ်။ 

ဆာဟဲလ်ရှိ အစ္စလာမ်မစ်စစ်သွေးကြွတွေကို ချေမှုန်းနေတဲ့ ပြင်သစ်နိုင်ငံရဲ့စစ်ဆင်ရေးကို  အခု အဆုံးသတ်တော့မှာဖြစ်ပြီး ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာအားထုတ်မှု တစိတ်တပိုင်း အဖြစ် တပ်ဖွဲ့တွေက လှုပ်ရှားမယ်လို့ ပြင်သစ်သမ္မတက ပြောကြားပါတယ်။ 

ဒီဆုံးဖြတ်ချက်ကလည်း မာလီစစ်တပ် ဗိုလ်မှူးကြီး အက်စီမီဂိုအီတာဟာ ၉ လအတွင်းမှာ ဒုတိယသမ္မတကိုဖြုတ်ချပြီးတော့ အာဏာယူလိုက်ပြီးနောက်မှာ စစ်သွေးကြွတွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ တချို့အစိုးရတွေကို ဝေဖန်မှုတွေမြင့်တက်လာပြီး နောက်ပိုင်း ခုလို ဆုံးဖြတ်လိုက်တာပါ။  

မကြာသေးခင်လတွေအတွင်းက ပြင်သစ်ဟာ ဆာဟဲလ်ဒေသမှာ စစ်သွေးကြွတွေအပေါ် အောင်မြင်မှု တချို့ကို ချီးကျူးခဲ့ပေမယ့် ပြင်သစ်ရဲ့ စစ်ဆင်ရေးတွေနဲ့ အထူးသဖြင့် မာလီနိုင်ငံကလို နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် အဆုံးမသတ်နိုင်ဖြစ်နေတာကို   စိတ်ပျက်ဝေဖန်တာတွေလည်း ရှိနေပါတယ်။

7 months Ago

March 22, 2020

ကိုရိုနာ ကူးစက်ခံလူနာများအတွက် ပြင်သစ်စစ်တပ် ယာယီဆေးရုံဆောက်

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း မယ်လုဇ်စက်မှုမြို့မှာ ပြင်သစ်စစ်တပ်ဟာ မတ် ၂၀ ရက်က အထူးကြပ်မတ်ကုသဆောင် ၃၀ ပါတဲ့ အရေးပေါ်ယာယီဆေးရုံကို တည်ဆောက်ခဲ့ပါတယ်။ ပြင်သစ်အရှေ့ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာအရေအတွက်ကို အချိန်မီ ကျန်းမာရေး စောင့်ရှောက်နိုင်ဖို့ ရုန်းကန် ကြိုးစားနေရတာပါ။ ၂၄ နာရီအတွင်း ကူးစက်ခံလူနာသစ်နဲ့ သေဆုံးနှုန်းတို့ ၂၀ ရာခိုင်နှုန်းနီးပါးစီ တိုးလာခဲ့အပြီး လူဦးရေ ၆၇ သန်းရှိတဲ့ တနိုင်ငံလုံးကို အကြောင်းထူးကိစ္စရပ်မရှိဘဲ အိမ်ပြင်မထွက်ဖို့ ပြင်သစ် အစိုးရက မတ် ၁၇ ရက်နေ့မှာ ပိတ်ချလိုက်ပါတယ်။ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ မျက်နှာဖုံးတွေ ပြတ်လပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး သုံးစွဲခွင့်ပြုဖို့လည်း ပြင်သစ် အာဏာပိုင်တွေက ပြည်သူကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီနေ့မွန်းလွဲပိုင်းအထိ ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၄၅၉ ဦး၊ သေဆုံးသူ ၅၆၂ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၅၈၇ ဦးရှိတယ်လို့ သိရပါတယ်။
2 years Ago
Up