ပြင်သစ်

January 12, 2022

ပြင်သစ်တွင် ကျန်းမာရေးလုပ်သားများ ဆန္ဒပြ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ ရာချီတဲ့ ကျန်းမာရေးလုပ်သားတွေ ဇန်နဝါရီ ၁၁ ရက်က ချီတက် ဆန္ဒပြပြီး ပိုကောင်းတဲ့လုပ်ငန်းခွင်အတွက် တောင်းဆိုခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ပိုပြီးဖိစီးလာတဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ ခက်ခဲတဲ့ လုပ်ငန်းခွင်ကို ဆန္ဒပြသူတွေက ရှုတ်ချခဲ့ကြတာပါ။

လူသစ်တွေ ပိုငှားဖို့နဲ့ တခြားသူတွေထက် လစာပိုပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ လုပ်ငန်းခွင်အခြေအနေနဲ့ လုပ်ခလစာတွေကြောင့် လုပ်သားတွေ အလုပ်ထွက်ကုန်ပြီလို့ သမဂ္ဂကိုယ်စားလှယ်နဲ့ ဆေးဘက် လက်ထောက်တယောက်က ပြောပါတယ်။

“ကိုဗစ်ဟာ အဆင်ပြေတဲ့ ခုတုံးလုပ်စရာ ဖြစ်သွားတာပါ။ ဒါပေမဲ့ ဝန်ထမ်းတွေ ခြေကုန်လက်ပန်း ကျရတဲ့ အကြောင်းရင်းတော့ မဟုတ်ဘူး။ လုပ်သားတွေ ခြေကုန်လက်ပန်းကျနေတာ နှစ်ချီနေပြီ” လို့ သူက ပြောပါတယ်။

၂၀၂၀ ဇူလိုင်မှာ ပြင်သစ်အစိုးရက လစာယူရိုငွေ ၁၈၀ တိုးမြှင့်မှုအပါအဝင် ဆေးရုံတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို ပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုဗစ်-၁၉ တိုက်ဖျက်ရေး ခြေကုန်လက်ပန်းကျနေတဲ့ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင် အခြေအနေ တိုးတက်စေဖို့၊  အထူးကြပ်မတ်ကုသဆောင်က သူနာပြုတွေကို ဇန်နဝါရီလကစပြီး တလကို ယူရိုတရာ အစိုးရဟာ အပိုထပ်ပေးမယ်လို့ ဝန်ကြီးချုပ်က ဒီဇင်ဘာနှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

ကိုဗစ်အကျပ်အတည်းဟာ အခြေအနေကို အရှိန်မြှင့်ပြီး ပိုဆိုးစေတယ်လို့ ပြင်သစ်အရှေ့ပိုင်း ဆေးရုံတရုံက ကျန်းမာရေးစောင့်ရှောက်မှု လက်ထောက်ဖြစ်သူ ကျန်းမာရေးလုပ်သားများ သမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ကျန်းမာရေးလုပ်သားများသမဂ္ဂဟာ ဝန်ကြီးချုပ် အီမန်နျူယယ်မက်ခွန်းနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုထားပေမဲ့ မနေ့ကအထိ အဖြေမရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

7 days Ago

January 11, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် ထပ်ချသည့်အ‌ပေါ် ပြင်သစ် ရှုတ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခဲ့တဲ့အပေါ်  ပြင်သစ်နိုင်ငံအနေနဲ့ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ခုလို အတုအယောင်တရားစီရင်မှုဟာ အလွန်စိုးရိမ်စရာကောင်းနေပြီဖြစ်တဲ့ နိုင်ငံရေးအခြေအနေကို ပိုမိုပြီးဆိုးရွားစေတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒီဇင်ဘာ ၆ ရက်မှာ သတိပေးထားပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းမှ လွတ်မြောက်ရေးလမ်းစဟာ ပဋိပက္ခမှာ ပါဝင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ ကယား၊ ကရင်နဲ့ ချင်းပြည်နယ်တွေမှာ စစ်တပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့  ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်ကစ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ် ပေးဖို့တို့ ဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေး အပါအဝင် အာဆီယံ သဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့လည်း ပြင်သစ်နိုင်ငံအနေနဲ့ အပြည့်အဝ ထောက်ခံအားပေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှု ၃ မှုအတွက် မနေ့က ဇန်နဝါရီ ၁၀ ရက်မှာ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးမှာ   ထောင်ဒဏ် ၄ နှစ် ထပ်မံ ချမှတ်လိုက်တာပါ။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းကနေ တရားမဝင် စကားပြောစက် ၁၀ လုံးနဲ့ Jammer ၁ စုံတို့ကို တွေ့ရှိတယ် ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့နဲ့ တရားစွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက်ကလည်း  ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲ ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ သဘာဝဘေးအမှုတို့အတွက် စစ်ကောင်စီတရားရုံးက  ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေါ့ပေးခဲ့ပါတယ်။

လတ်တလောမှာတော့ အမိန့်ချတဲ့ အမှုသုံးခုအတွက် ထောင်ဒဏ် ၄ နှစ်နဲ့ဆိုပါက ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ အမှုငါးခုအတွက် ကျခံရမယ့် စုစုပေါင်းထောင်ဒဏ်ဟာ ၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စစ်ကောင်စီက အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

1 week Ago
More News
Up