ပျံ့နှံ့မှုမြင့်

March 5, 2020

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်  မစိုးရိမ်သေး

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုမြင့်တက်လာမယ်ဆိုရင် ဘောလုံးပွဲတွေကို ကွင်းပိတ်ကစားဖို့အတွက် ဘောလုံးပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ ယူကေအစိုးရ၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုမျိုးကွင်းပိတ်ကျင်းပဖို့ အစီအစဉ်ဟာ ဖြစ်နိုင်ခြေတခုသာဖြစ်ပြီး သီတင်းပတ်များစွာ ကြာမြင့်ပြီးချိန်မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိအချိန်မှာတော့ ဘောလုံးပွဲတွေကို ပုံမှန်အတိုင်း ဆက်လက်‌ကျင်းပမှာ ဖြစ်ကြောင်း ဘောလုံးပွဲကျင်းပရေးဆိုင်ရာ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။  “လက်ရှိအချိန်မှာ ထိတ်လန့်နေစရာ မလိုသေးဘူး” လို့ UEFA ဥက္ကဋ္ဌ အလက်ဇန်းဒါးစီဖာရင်က ပြောပါတယ်။ အကောင်းမြင်စိတ်ထားကာ မကောင်းတဲ့ အတွေးတွေကို မတွေးဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။  FA နဲ့ အင်္ဂလန်ဘောလုံးလိဂ်တို့ဟာ မတ်လ  ၁ ရက်က အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး နောက်တနေ့မှာ FA ၊ EFL နဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ နိုင်ငံရဲ့ ကျန်းမာရေးတာဝန်ခံရုံးက ဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။  အင်္ဂလန်ပြည်သူ့ကျန်းမာရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်မပါဘဲ အင်္ဂလန်အစိုးရဟာ လက်ရှိအချိန်မှာ ကြီးမားတဲ့ အခမ်းအနားတွေကို ဖျက်သိမ်းဖို့ ညွှန်ကြားမှာ မဟုတ်သလို ဗိုင်းရပ်စ် ပြန့်ပွားမှုဟာ ကျယ်ပြန့်လာဖို့ရှိနေပြီး နောက်ထပ် ဆောင်ရွက်ချက်တွေ လိုအပ်ကောင်း လိုအပ်လာနိုင်တယ်လို့လည်း အင်္ဂလန်ကျန်းမာရေးဝန်ကြီး မက်ဟန်းကွတ်က သတိပေး ပြောပါတယ်။ တရုတ်နိုင်ငံက အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုချိန်မှာ နိုင်ငံပေါင်း ၇၆ နိုင်ငံ ပြန့်ပွားခဲ့ကာ လူပေါင်း ၃၀၀၀ ကျော် သေဆုံးစေခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ယူကေမှာ ဗိုင်းရပ်စ်ကူးစက်မှု ၃၉ ခု ရှိနေပါတယ်။ ဗိုင်းရပ်စ် ပျံ့နှံ့မှုအန္တရာယ်ဟာ ဥရောပတဝန်းမှာရှိတဲ့ ဘောလုံးပြိုင်ပွဲတွေအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိစေခဲ့ပြီး အီတလီနိုင်ငံမှာဆိုရင် ပွဲစဉ်တချို့ကို ရွှေ့ဆိုင်းကာ တချို့ကို ပရိသတ်မပါဘဲ ကွင်းပိတ် ကျင်းပစေခဲ့ပါတယ်။  ဆွစ်ဇာလန်နိုင်ငံမှာဆိုရင်လဲ အစိုးရက လူ ၁၀၀၀ နဲ့အထက် စုဝေးမှု ဖြစ်စေတဲ့ အခမ်းအနားတွေကို နှစ်ပတ်ကြာ တားမြစ်ခဲ့တာကြောင့် ဆွစ်လိဂ်ပွဲစဉ်တွေကို မတ်လ ၂၃ ရက်အထိ ရပ်နားလိုက်ရပါတယ်။
1 year Ago
Up