ပျံလွန်​တော်မူ

December 17, 2020

ကိုဗစ်-၁၉ ကူးစက်ခံ သံဃာ​အပါး ၂၆၃၀ ခန့်ရှိ ၊ သံဃာနှင့် သီလရှင် အပါး ၄၀ ပျံလွန်​တော်မူ 

ရန်ကုန်တိုင်းထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ သံဃာ​တော်အပါး ၂၆၃၀ နီးပါးရှိပြီး ဒီရောဂါနဲ့ ပျံလွန်​တော်မူသွားတဲ့ သံဃာ​တော်နဲ့သီလရှင်စုစု​ပေါင်း အပါး ၄၀ ရှိတယ်လို့  သာသနာ​ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။ လက်ရှိအ​နေအထားအရ ကိုဗစ်​-၁၉ ရောဂါ မြန်မာ ပြည်တွင်းကူးစက်မှုနှုန်းက တ​နေ့တခြား မြင့်တက်လာပြီး သံဃာ​တော်​တွေပါ ကူးစက်မှု​တွေရှိလာပါတယ်။  မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာအတွက် သံဃာ​တော်​တွေပညာသင်ကြား​နေတဲ့ စာသင်တိုက်​တွေ မှာ ရဟန်းသံဃာ​တော်​ ကိုရင်​တွေဟာ တစ်​နေရာထဲမှာ ရာနဲ့ချီသတင်းသုံး​နေကြတာလည်း ဖြစ်ပါတယ်။  သံဃာ​တော်​တွေ၊ သီလရှင်​တွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ​ဆေးစစ်ဖို့လိုအပ်တဲ့ အကူအညီ​တွေကို သာသနာ​ရေးတိုင်းမှူး​တွေက လိုက်လံ​ဆောင်ရွက်​ပေး​နေတယ်လို့ သာသနာ​ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာ​ရေး ညွှန်ကြား​ရေးမှူး  ဦး​အောင်ဆန်းဝင်းက ဆိုပါတယ်။ အခုဆိုရင် ဘုန်းကြီး​ကျောင်း​တွေမှာ သံဃာတော်တွေဟာ ကိုဗစ်​-၁၉ ​ကြောင့် ဆွမ်းခံမထွက်ရသလို လှူဒါန်းတဲ့ အလှူရှင်​တွေနည်းပါးသွားတာ​ကြောင့် ဆွမ်းကွမ်း အခက်အခဲ​တွေနဲ့ ရင်ဆိုင်​နေကြရပါတယ်။ ရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်ရှိ ​ဒေဝနိမ္မိတာရုမ်​ကျောင်းတိုက်ဆရာ​တော် အရှင်တိ​လောက က “အရင် ကိုဗစ်ပထမလှိုင်းကာလ  ဆွမ်းခံအလှူမထွက်ရ​ပေမယ့် အလှူရှင်​တွေလာ​ရောက်လှူဒါန်းတဲ့အတွက် စိတ်ပူစရာ မရှိပါဘူး။ အခုချိန်ဟာ ​ရောဂါပိုးကူးစက်မှုနှုန်းက မြင့်တက်​နေ​တော့ အလှူရှင်​လာ​ရောက် လှူဒါန်းတာ​တွေ မရှိကြ​တော့ပါဘူး။ တချို့ စာသင်သားများတဲ့​ကျောင်း​တွေ၊ ချို့တဲ့​နေတဲ့​ ကျောင်း​တွေဆိုရင် ​တော်​တော်​လေး အခက်အခဲ​တွေ ရှိ​နေတယ်” လို့ မိန့်ကြားပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြင်းထန်လာတာ​ကြောင့် သံဃာတော်တွေကို အပြင်ကိုမထွက်​အောင် ​စောင့်ကြပ်မှု​တွေ ပြုလုပ်ထားတယ်လို့ အာရှ အလင်း​ရောင်ဆရာ​တော် ဘန္ဒန္တစိန္တိတ ကမိန့်ပါတယ်။ “ကိုဗစ်​ကြောင့် ​တချို့ လုပ်လက်စလုပ်ငန်း​တွေပါ ရပ်နား လိုက်ရတဲ့အ​ခြေအ​နေ​​တွေမှာ ရှိ​နေပါတယ်။ အလှူရှင်​တွေမလာ​တော့ ၀င်​ငွေရပ်သွားတဲ့အခါ ​ကျောင်း​တွေမှာ ရှိတဲ့ ​ဝေယာဝစ္စကိစ္စ​​တွေ​လုပ်ဖို့ တော်​တော်​လေးခက်ခဲသွားတယ်” လို့ မိန့် ပါတယ်။ လက်ရှိ စာသင်တိုက်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ရဟန်းသံဃာတော်တွေ ရာနဲ့ချီရှိနေပြီး သံဃာတချို့ မိမိဇာတိရပ်ကို ပြန်မယ်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီးတွေမှာ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း  စစ်ဆေးပြီး ပြန်စေဖို့  ဆရာတော်ကြီးတွေက ခွင့်ပြုထားပါတယ်။
4 months Ago
Up