ပျံကျဈေး

April 25, 2020

COVID-19 ကာကွယ်နိုင်ရန် ကရင်ပြည်နယ်အတွင်း ပျံကျဈေးအားလုံး ပြောင်းရွှေ့ဖွင့်လှစ်

COVID-19 ရောဂါမပျံ့နှံ့စေဖို့၊ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကရင်ပြည်နယ်အတွင်းက ပျံကျဈေးအားလုံးကို သတ်မှတ်နေရာတွေမှာ ပြောင်းရွှေ့ပြီး ဖွင့်လှစ်ရောင်းချဖို့ ညွှန်ကြားထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့မဘောလုံးကွင်းဟောင်း၊ ယာယီဈေးမှာ ဧပြီ ၂၅ ရက် မနက်က ပြောပါတယ်။ ဘားအံမြို့မှာ ယာယီစျေးအဖြစ် မြို့မဘောလုံးကွင်းမြေနေရာ၊ သံလွင်ဘောလုံးကွင်းအရှေ့နဲ့ မဲဘောင်စျေးအနီး မြေကွက်လပ်တွေမှာ စျေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ကို နေရာချထားပြီး ရောင်းချခွင့်ပေးခဲ့တာပါ။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဒါက ကိုဗစ်ဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ Long Time plan ဖြစ်တယ်။ ရေရှည်အတွက် သွားမယ့်ပုံစံဖြစ်တယ် လို့ ဆိုပါတယ်။ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်နေ ဈေးသည် ဒေါ်ချိုဝေလွင်က စိုးရိမ်မှုတော့ရှိတာပေါ့။ ရောဂါက ​မမြင်ရဘူးလေ။ ကိုယ့်ကို ကူးမှာလည်း ကြောက်တယ်။ ကိုယ်က တနေ့လုပ်မှတနေ့စား ရောင်းမှဖြစ်မှာပေါ့ လို့ ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်နေ ဈေးဝယ်သူ ဒေါ်သီတာက အစ်မတို့က ဘယ်နေရာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ကျန်းမာရေးအတွက် လုပ်ပေးတာဆိုတော့ ပိုပြီးတော့ကောင်းတာပေါ့ လို့ ဆိုပါတယ်။ ဘားအံမြို့မှာ အမှတ် ၁၊ အမှတ် ၂ အဆင့်မြင့်ဈေးကြီး၊ ရဲဘော်ဈေးနဲ့ ဝါဆိုဦးဈေး၊ သံလွင်ဈေး၊ ညစျေးတွေက ပျံကျဈေးသည်တွေကို ရွှေ့ပြောင်းခဲ့သလို ကျန်မြို့နယ်တွေက စျေးတွေကိုလည်း ရွှေ့ပြောင်းဖွင့်လှစ်ခဲ့တာပါ။ ကရင်ပြည်နယ်ရဲ့ မြို့နယ် ၇ မြို့နယ်က ပျံကျစျေးအားလုံး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်စည်းကမ်းအတိုင်း ဆိုင်ခန်း ၁ ခန်းကို ၆ ပေအကွာ နေရာချထားပေးပြီး ရောင်းချခွင့်ပြုထားတာပါ။ မြို့နယ် ၇ မြို့နယ်က ဈေးအားလုံးမှာ လက်ဆေးစင်၊ လက်ဆေးဆပ်ပြာ၊ လက်သန့်စင်ဆေးရည်တွေ ထားရှိပေးထားသလို ကျန်းမာရေးလက်အိတ်၊ Mask တပ် ရောင်းချဖို့နဲ့ ဈေးဝယ်သူတွေကို Mask တပ်ဆင်ပြီးမှ လာရောက်ဖို့ အသိပေးတိုက်တွန်းထားပါတယ်။ လိုက်နာမှုမရှိတဲ့သူတွေကို ငွေဒဏ်အပြင် ဥပေဒအရ အရေးယူသွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ ရဲမင်းခေါင်
2 years Ago

April 20, 2020

မွန်ပြည်နယ်အတွင်း ညွှန်ကြားချက် မလိုက်နာသည့် စျေးဆိုင်များကို အပြီးပိတ်သိမ်းမည်

မွန်ပြည်နယ်အတွင်း  COVID-19 ညွှန်ကြားချက် မလိုက်နာတဲ့ စျေးဆိုင်တွေကို အပြီး ပိတ်သိမ်းတဲ့အထိ အရေးယူတော့မယ်လို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် မွန်ပြည်နယ်တဝန်း စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ စျေးတွေမှာ အခြေခံ စားသောက်ကုန်အရောင်းဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချဖို့နဲ့ အခြားကုန်ပစ္စည်း အရောင်းဆိုင်တွေကို ဧပြီ ၃၀ ရက်နေ့အထိ ပိတ်သိမ်းထားပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ဧပြီ ၁၉ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။ အဲဒီလို ညွှန်ကြားချက်ကြောင့် စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ စျေးဆိုင်တွေကို ထပ်ဆင့် ညွှန်ကြားတာတွေ လုပ်ဆောင်ထားပါတယ်။ ဒါကြောင့် ပိတ်သိမ်းဖို့ ညွှန်ကြားထားတဲ့ အရောင်းဆိုင်တွေအနေနဲ့ ဖွင့်လှစ်ရောင်းချတာတွေ လုပ်ဆောင်ရင် အပြီးပိတ်သိမ်းတဲ့အထိ အရေးယူတော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဘက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက် ရောင်းချတဲ့ ဆိုင်တွေအနေနဲ့ ကျန်းမာရေးအကာအကွယ်တွေ လုပ်ဆောင်ဖို့နဲ့ လူစုလူဝေး မဖြစ်အောင် စျေးရောင်းချဖို့ ညွှန်ကြားထားတာပါ။ ဧပြီ ၃၀ ရက်နေ့ ပိတ်သိမ်းထားဖို့ ညွှန်ကြားထားတဲ့ အခြားကုန်ပစ္စည်းအရောင်းဆိုင်တွေကို လိုအပ်ရင် ပိတ်သိမ်းကာလ ထပ်တိုးသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။ ဒါ့အပြင် စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ စျေးတွေနဲ့ အခြားပျံကျစျေးတွေမှာ စျေးလာဝယ်သူနဲ့ စျေးရောင်းချသူတွေကို Mask တွေ ဖြန့်ဝေပေးသွားဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ် မော်လမြိုင်ရဲ့ အဓိက စျေး ၂ စျေးဖြစ်တဲ့ မြိုင်ရတနာစျေးနဲ့ အမှတ် (၁) စျေးကို ဧပြီ ၂၀ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့အထိ ပိတ်သိမ်းတဲ့ကာလ ထပ်မံတိုးမြှင့်ထားပါတယ်။  ဇော်လွင်ထွဋ်
2 years Ago
Up