ပျော်ဘွယ်

November 30, 2021

ပျော်ဘွယ်တွင် ရေကန်ထဲ ရေဆင်းချိုးသည့် ကလေး ၂ ဦး ရေနစ်သေဆုံး

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် မြို့သစ်ရပ်ကွက်မှာ နိုဝင်ဘာလ ၂၉ ရက်က  ရေကန်ထဲ ရေဆင်းချိုးတဲ့ ကလေး ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ရေနစ် သေဆုံးသွားတာ အသက် ၁၂ နှစ်နဲ့ ၁၄ နှစ် ကလေး ၂ ဦးပါ။ အလင်းရောင်ပရဟိတအဖွဲ့ရယ် အရပ်ထဲကလူတွေနဲ့ မီးသတ်အဖွဲ့တွေက ကူညီပြီး ရှာပေးကြတယ်။ ကလေးအလောင်းတွေကို အလင်းရောင်ပရဟိတအဖွဲ့ကပဲ ဆေးရုံပို့ပေးတယ်။” 

မောင်မိုးလင်း (၁၂-နှစ်) နဲ့ မောင်သော်ဇင်ဟိန်း (၁၄-နှစ်) တို့ ရေကန်ထဲ ရေဆင်းချိုးရင်း သေဆုံးသွားခဲ့တာပါ။

ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ ပျော်ဘွယ်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

2 months Ago

November 18, 2021

ပျော်ဘွယ်မြို့အနီး စစ်တပ်ရိက္ခာတင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး

မန္တလေးတိုင်း ပျော်ဘွယ်မြို့အနီး နိုဝင်ဘာ ၁၇ရက် မနက်ပိုင်းက  စစ်ကောင်စီတပ်အတွက် ကုန်နှင့် ရိက္ခာတင် ဆောင်လာတဲ့ ရထားတစ်စီး မိုင်းဆွဲခံရတာကြောင့်  နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပျော်ဘွယ်နဲ့ ရွှေ‌ဒါးကျေးရွာအကြား ရထားမိုင်းဆွဲခံရတဲ့အတွက် စက်ခေါင်းနဲ့  ရထားတွဲတွေ ချောင်းထဲထိုးကျကာ စက်ခေါင်းမောင်းနှင်သူတစ်ဦးနဲ့ စက်ပြင်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရှိပါတယ်။

“မနက် ၇ နာရီလောက်က မိုင်းခွဲခံရလို့ စက်ခေါင်း ချောင်းထဲပြုတ်ကျသွားတယ်။ စက်ခေါင်းမောင်းသူနဲ့ စက်ပြင်ဆရာတစ်ယောက် သေတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးရထား မိုင်းခွဲခံရမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ပျော်ဘွယ်ဆေးရုံနဲ့ ဒဏ်ရာပြင်းထန်သူတွေကိုတော့ နေပြည်တော် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

မီးရထား မိုင်းခွဲခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

2 months Ago
More News
Up