ပျူစောထီးအဖွဲ့

November 27, 2021

ရေစကြိုမြို့နယ်၌ စစ်ဘေးရှောင် ပြည်သူလူထုနေအိမ်များကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီး၊ပစ္စည်းခိုးယူ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊  မအူအောက်ဆိပ်ကျေးရွာမှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက စစ်ဘေးရှောင် ပြည်သူပိုင်နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ငွေကြေးနဲ့ ရွှေထည်ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

မအူရဲစခန်းကို နိုဝင်ဘာ ၁၈ ရက်နေ့က ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ခိုက်ခဲ့ပြီးနောက် မအူရဲစခန်းမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်လောက် ရောက်ရှိ တပ်စွဲနေခဲ့ကြတာပါ။

ဒီနောက် စစ်ကောင်စီတပ်တွေဟာ  မအူအောက်ဆိပ်ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့လို့  ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့စဉ် ကျေးရွာအတွင်းက အိမ်တွေကို ဖျက်ဆီးခံရတာ၊ အိမ်တွင်းပစ္စည်းတွေ ရိုက်ခွဲခံရတာ၊ အိမ်ထဲမှာရှိတဲ့ ဆန်အိတ်၊ ဆီပုံး၊ ရွှေထည်ပစ္စည်းတွေ ခိုးယူခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျေးရွာသားတစ်ဦးက “သူတို့ခိုးတာက ပေါ်တင်ခိုးတာ သူတို့ခိုးတာပါလို့ ကမ္ဘာက သိအောင် သေနတ်တွေ ပစ်ဖောက် အိမ်တွေ ဖျက်ဆီးပြီးမှ ဝင်ခိုးတာ။ ခိုးတာကလည်းတန်ဖိုးကြီးတွေချည်းပဲ သူတို့ မကိုင်ဖူး၊ မမြင်ဖူးတဲ့ဟာတွေကို ရွေးခိုးတာ။ အခုမှသာ ပြန်လာနိုင်လို့ အခုမှသိရတာ။ ဘယ်နေ့ကတည်းက စိတ်ကြိုက် ဝင်ခိုးနေကြတာလဲမသိဘူး။ ရွှေထည်တွေရောခိုးတာ စားစရာမရှိတော့ ဆန်တွေ ဆီတွေကိုပါခိုးတာ၊ပိုက်ဆံတွေ့ရင် ပိုက်ဆံယူတာ ယူတာတင်မကဘူး အကုန်ရိုက်ခွဲသွားသေးတာ ဒင်းတို့မြန်မြန်သေမှအေးမှာပဲ “လို့ ပြောပါတယ်။

နေအိမ်ကပစ္စည်းတွေ ခိုးယူခံထားရတဲ့ ဒေသခံတစ်ဦးကလည်း  “ TVတွေ ရိုက်ခွဲတယ်။ တချို့ကောင်းတဲ့ TV ဆိုရင် ယူသွားကြတယ်။ အိမ်တွေကို ဖျက်လို့ဖျက်ဆီးလုပ်သွားကြတယ်။ ဆန်အိတ်တွေ ယူသွားတယ်။ စောင်တွေ၊ အကျီတွေပါ မချန်ယူသွားကြတယ်။ ပြီးတော့ ရွာကိုပတ်ပြီး သေနတ်ပစ်ဖောက် ခြောက်ကြတယ်။ အဲဒီလိုတွေ သူတို့ပတ်လုပ်နေလို့လည်း ကျုပ်တို့ရွာကို မပြန်ရဲကြတာလေဗျာ။ အခုအိမ်ကိုပြန်ရောက်တော့မှ ဘာဆိုဘာမှမရှိတော့ပါဘူး”လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ ရွာသားတွေ အိမ်ပြန်လာစဉ် အပျက်အစီးတွေ တွေ့ခဲ့ရတာဖြစ်ပြီး နိုဝင်ဘာ  ၂၇ ရက်အထိ စာရင်းအရ  နေအိမ်၂ လုံး ဖျက်ဆီးခံရ၊ TV နှစ်လုံး ရိုက်ခွဲဖျက်ဆီး၊ နှစ်လုံး ခိုးယူသွား၊ ဆန် ၁၁ အိတ် ၊ ဆီ ၁၂ ပုံး၊ ရွှေ ငါးမူးသားနဲ့ ၂ ပဲသားလက်စွပ်နှစ်ကွင်း၊ ငွေသား ကျပ်  ၃ သိန်းနီးပါးနဲ့ စောင် ခြင်ထောင်ခေါင်းအုံး၊ အဝတ်အထည်တွေ ပျောက်ဆုံးသွားတယ် ဒေသခံတွေဆီက  သိရပါတယ်။

ရွာမှာ သေနတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေဟာ ရွာကိုရေ ာအိမ်ကိုရော ပစ်ပြီးထွက်ပြေးကြရပြီး  ရွာမှာ တချို့ မလိုက်နိုင်တဲ့ သက်ကြီးရွယ်အိုတချို့သာ ကျန်ရစ်ခဲ့တာပါ။ လက်ရှိအချိန် ရွာသား တချို့ အိမ်ပြန်သွားပေမဲ့ အများအပြားကတော့ စစ်တပ်ရန်ကို ကြောက်လို့ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

1 week Ago

November 25, 2021

အရာတော်တွင် ပြည်သူ ၂ ဦးကို ပျူစောထီးအဖွဲ့ ဖမ်းဆီး၊ ထွက်ပြေးသူ ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာမှာ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက လက်နက်ကိုင်ပျူစောထီးတွေ လာရောက်ဖမ်းဆီးသွားသူ ၂ ဦးထဲက ၁ ဦး ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတစ်ဦးက “ရဲကင်းနဲ့ ကပ်နေတဲ့ မူးမြစ်ထဲ ခုန်ချပြီး တ‌ဖက်ကမ်းက ကျောက်ကုန်း ရွာကိုကူး‌ပြေးတာ၊ လိုက်ဖမ်းတော့ သောင်ပြင်မှာ မိတယ်။ သူ့ကို အဲဒီသောင်ပြင်မှာပဲ ပစ်သတ်လိုက်ကြတာ ခေါင်းတချက်၊ ဗိုက်ကိုတချက်။ အလောင်းလာကောက်ရင် ပစ်သတ်မှာလို့ ကြိမ်းသွားတော့ ဘယ်သူမှ  မကောက်ရဲကြဘူး၊ အခု‌တော့ ရွာကတောင်းပန်ပြီး သင်္ဂြိုဟ်ပြီးပါပြီ” လို့ ပြောပါတယ်။

သလဲဘာကျေးရွာ ရွာအရှေ့ပိုင်းမှာ ကုန်စုံဈေးဆိုင်လေးဖွင့်ထားတဲ့ ကိုမင်းနိုင် နဲ့ အခြားတစ်ဦးကို NLD မဲဆွယ်စည်ရုံးရေးကာလက ပါဝင်ခဲ့တယ်ဆိုပြီး ရွာခံလက်နက်ကိုင်ပျူစောထီး အယောက် ၂၀ လောက်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဦးဆောင်ဖမ်းဆီးသူ ပျူစောထီးခေါင်းဆောင်ဟာ မကြာခင်ရက်တွေကမှ သလဲဘာကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်လာကာ ကိုမင်းနိုင်ကို သတ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ ခေါ်လာပြီး ဈေးဆိုင်က အရက်နဲ့ဘီယာအပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို မွှေနှောက်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီးတွေဟာ ပုဂ္ဂိုလ်ရေးအရ မတည့်တဲ့သူတွေကို အကြောင်းအမျိုးမျိုးပြ သတင်းပေးဖမ်းဆီးခိုင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

2 weeks Ago
More News
Up