ပျူ

August 22, 2021

ပေါက်ဖော်တို့ လာရာလမ်း

တကယ်တော့ မူလဗမာတို့ စတင်ခြေချခဲ့ရာအရပ်မှာ တရုတ်ပြည် ဖြစ်သည်။ နေရပ်လိပ်စာ အတိအကျဆိုရသော် တိဗက်-မြန်မာအနွယ်ဝင် မူလဗမာကြီးတို့သည် တရုတ်နိုင်ငံ အနောက်မြောက်ဒေသ၊ တိဗက်အရှေ့မြောက်ဒေသ၊ ကန်စုနယ်၊ လန်ကျောင်မြို့တောင်ဘက်က မိုင် ၅၀ ခန့်ရှည်လျားသည့် ထောင်မြစ်ဝှမ်းဖြစ်ကြောင်း ရှေးဟောင်းသမိုင်းပညာရှင်တို့က ခန့်မှန်းကြသည်။

ခရစ်မပေါ်မီ အနှစ် ၂၀၀၀ ခန့်ကဖြစ်သည်။ ကိုယ့်လူမျိုးသာလျှင် ကိုယ့်အရှင်အဖြစ် ထိုအချိန် ကျောက်ခေတ်နှောင်းယဉ်ကျေးမှုတွင် ၎င်းတို့၏ခေတ်ပြိုင်များနှင့် နှိုင်းယှဉ်ပါက ယဉ်ကျေးမှု အဆင့်အတန်း မြင့်သောလူမျိုးဟု အသိအမှတ်ပြုကြသည်။ အကြောင်းမဲ့ အသိအမှတ်ပြုခြင်း မဟုတ်။ တူးဖော်တွေ့ရှိခဲ့သော မူလဗမာတို့ ထုဆစ်ခဲ့သည့် အပြောက်အမွှမ်း အခြယ်အသပါသည့် အိုးများက သက်သေခံခဲ့ခြင်းဖြစ်သည်။

သို့သော် တရုတ်တို့ လာရောက်နှောင့်ယှက်တိုက်ခိုက်သဖြင့် ကန်စုနယ်အနောက်ဘက်သို့ တိမ်းရှောင်ရသည်။ နှစ်များစွာကြာ မတည်ငြိမ်သောဘဝများအဖြစ် တောထဲတောင်ထဲ ကျင်လည် ကျက်စားခဲ့ရသည်။ မတည်ငြိမ်မှု၏ အကျိုးဆက်အဖြစ် ရှိပြီးသား ယဉ်ကျေးမှုတို့ပင် ဆုတ်ယုတ်ခဲ့ရသည်။

ရေကြည်ရာ မြက်နုရာ လွင့်ပါးရင်း နောက်ပိုင်းတွင် တရုတ်၊ ယူနန်ပြည်နယ်ဘက်သို့ ရောက်ရှိကာ သြဇာကြီးမားလှသော တရုတ်နန်ကျောင်တို့ လက်အောက် သက်ဆင်းခဲ့ရသည်။ ရှေးဗမာတို့သည် မြင်းစီးကျွမ်းကျင်သော မြင်းစီးသူရဲကောင်းများ ဖြစ်သည်။ ထို့ပြင် တိုက်ရည်ခိုက်ရည်ကောင်းပြီး ဇွဲလုံ့လကြီးသူများ ဖြစ်၍ နန်ကျောင်တို့၏ တပ်ဦးထိပ်တွင် အသေခံတပ်သားများအဖြစ် အမှုထမ်းခဲ့ရသည်။

နန်ကျောင်တို့နှင့် ခေတ်ပြိုင်မှာ မြန်မာနိုင်ငံတွင်း ပထမဆုံးသော ပြည်ထောင်စုကို တည်ထောင်နိုင်ခဲ့သူ ပျူများ ဖြစ်သည်။ ပျူသည်လည်း ဗမာနှင့် မျိုးရင်းတူ တိဗက်-မြန်မာ အနွယ်ဝင်ဖြစ်ပြီး မြန်မာနိုင်ငံထဲသို့ ဝင်မလာမီ ခရစ်နှစ် ၁ ရာစုခန့်က တရုတ်-မြန်မာ နယ်စပ် ယုန်ချန်၏ အနောက်တောင်အရပ်၌ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ပျူတို့သည် ၃ ရာစုတွင် မြန်မာနိုင်ငံထဲသို့ ဝင်လာကြပြီး ၃ ရာစု မှ ၉ ရာစုအထိ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားစွာဖြင့် ကြီးပွားခဲ့ကြောင်း ပျူတို့ဌာနေ သရေခေတ္တရာမြို့ဟောင်းနှင့် ဟန်လင်းတို့က သက်သေခံခဲ့သည်။ ပျူနှင့်ခေတ်ပြိုင် မြန်မာနိုင်ငံအောက်ပိုင်း၌ ကြီးပွားနေသူမှာ မွန်လူမျိုးတို့ ဖြစ်သည်။

မွန်မြို့ကြီးတို့ကို တရုတ်နန်ကျောင်က လာရောက်ဖျက်ဆီးခဲ့သည်။ အေဒီ ၈၃၂ ခုတွင် ပျူမြို့တော်ကို တရုတ်နန်ကျောင်တို့ လာရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ရာ မြန်မာ့ပထမပြည်ထောင်စု တစစီ ဖြစ်ခဲ့ရသည်။

ဗမာတို့သည် တရုတ် နန်ကျောင်လက်အောက်ခံ အသေခံတပ်သားများအဖြစ် မွန်နှင့် ပျူကို တိုက်ခိုက်သည့်အခါက ပါဝင်ခဲ့သဖြင့် မြန်မာ့ရေမြေအခြေအနေကို ဆဝါးမိပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ပျူရော မွန်ပါ အင်အားချည့်နဲ့နေမှန်း သိသည်။ ပြီးတော့ ဗမာတို့သည် အခိုင်းပက်စက်ပြီး ရက်စက်ကြမ်းကြုတ်သော နန်ကျောင်ကိုလည်း အမုန်းကြီး မုန်းသည်။

ကန်စုနယ်တွင် နေထိုင်ခဲ့စဉ်ကတည်းက တရုတ်လက်အောက်ခံ အဖြစ်မခံ၊ တောထဲ တောင်ထဲ ရအောင်ရှင်သန်ခဲ့ခြင်းမှာ မူလဗမာတို့ သွေးထဲ တဆတ်ဆတ်ခုန်နေသော လွတ်လပ်မှုကြောင့် ဖြစ်သည်။ လွတ်လပ်မှုအတွက် အဆင့်အတန်းမြင့်မားနေပြီဖြစ်သော ယဉ်ကျေးမှုကိုပါ စွန့်ခဲ့သူများ ဖြစ်သည်။ မလွန်ဆန်နိုင်သော ဘက်ပေါင်းစုံအခြေအနေအရ နန်ကျောင်လက်အောက်ခံ ဖြစ်ခဲ့ရသော်လည်း လွတ်လပ်မှုအတွက် အခွင့်ကောင်းစောင့်နေမြဲ ဖြစ်သည်။

နန်ကျောင်တို့ သြဇာ အကျဘက်ယိုင်လာချိန်၊ ခရစ်နှစ် ၉ ရာစုတွင် လွတ်လပ်ရေးအတွက် ရှမ်းပြည်ကို ဖြတ်ကာ နတ်ထိပ်တောင်ကြားလမ်းမှနေ၍ ကျောက်ဆည်သို့ ရုတ်ခြည်းဝင်သိမ်းလိုက်သည်။ ထို့နောက် လောလောပူနေသော မြန်မာနိုင်ငံအလယ်ပိုင်းကို ရသလောက် ချဲ့ထွင်။ မြန်မာနိုင်ငံအလယ်ပိုင်းဆိုတာက ငှက်ဖျားတောကို ဖြတ်ပြီးမှ အရောက်လှမ်းနိုင်မည့် နေရာမို့ နန်ကျောင်တို့ မလာချင်ဆုံး နေရာ။ ကျောက်ဆည်တကြောရှိ ပျူနှင့် မွန်တို့မှာ အခိုင်အမာအင်အားမရှိသဖြင့် ဗမာတို့ အလွယ်တကူ နယ်မြေသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ စကားစပ်လို့ ထပ်ပြောရသော် ယခု နာမည်ဆိုးဖြင့် ကျော်ကြားလာသည့် စစ်ကောင်စီ လက်ကိုင်တုတ် ပျူစောထီး ဆိုသည်မှာ ပျူလူမျိုးနှင့်လုံးဝမဆိုင်ဘဲ တရုတ် နန်ကျောင်ပုံပြင်ထဲက သူရဲကောင်းတစ်ဦး၏ အမည်သာလျှင် ဖြစ်သည်။

အနိရုဒ္ဓဘုရင်(အနော်ရထာ) လက်ထက်တွင် နန်ကျောင်တို့၏ ခံတပ်မြို့ကို တိုက်ခိုက် အောင်မြင်ခဲ့သည်။ ယင်းခံတပ်မြို့မှာ ယခု ရွှေလီမြစ်ပေါ်မှ ငအိုးရွာအနီးဟု ခန့်မှန်းကြသည်။ ပုဂံခေတ် ၁၂၈၃ ခုတွင် မွန်ဂိုတို့ လာရောက်တိုက်ခိုက်သိမ်းပိုက်ကာ မြောက်ပိုင်းမြန်မာနိုင်ငံကို ကျဲန်မိအင် အမည်ဖြင့် တရုတ်ပြည်နယ်သစ်ဟု ဖွဲ့စည်းခဲ့သည်။ အေဒီ ၁၂၈၅ ခုနှစ်တွင် တရုတ်ပြည်၊ ပီကင်းသို့ သျှင်ဒိသာ ပြာမုက်နှင့်အဖွဲ့သွားရောက်ကာ တရုတ်စစ်သားများကို ဖယ်ရှားပေးပါရန်နှင့် ဆက်ကြေးပို့လွှတ်မည့်အကြောင်း မွန်ဂိုဧကရာဇ်နှင့် စစ်ပြေငြိမ်းရေး သွားရောက်ဆွေးနွေး အောင်မြင်ခဲ့ရသည်။

ကုန်းဘောင်ခေတ်သို့ ထပ်ဆင်းကြည့်မည်ဆိုလျှင်လည်း တရုတ်-မြန်မာ စစ်ပွဲများမှာ ငြိမ်းမသွား။ တရုတ်-မြန်မာ စစ်ပွဲသည် ၁၇၆၅-၁၇၆၉ တွင် ၄ ကြိမ် ဖြစ်ပွားခဲ့သေးသည်။

ပြောရလျှင် တရုတ်နှင့် မြန်မာတို့သည် မျိုးရင်းတူများဖြစ်ကြပြီး မူလဗမာဘဝကစလို့ အဆက်ဆက်တိုင် များစွာသော ပြဿနာတို့ဖြင့် ချာချာလည်ခဲ့သည်ချည်း ဖြစ်သည်။

တရုတ်သည် ထိုသို့ မြန်မာကို ပြဿနာများစွာပေးခဲ့သလို မြန်မာ၏ အနောက်ပေါက်အိမ်နီးချင်း အိန္ဒိယကရော မည်သို့ရှိလေသနည်း။ မြန်မာ-အိန္ဒိယ ဆက်ဆံရေးမှာ မြန်မာနိုင်ငံတွင်း ပျူတို့ မစတင်မီကတည်းက ရှိနှင့်ပြီးဖြစ်ကြောင်း တောင်တွင်းကြီးမြို့အနီးရှိ ဗိဿနိုးမြို့ဟောင်း တူးဖော်တွေ့ရှိမှု တချို့က သက်သေခံနေပေသည်။ ဗိဿနိုးမြို့ဟောင်းသည် ခရစ်နှစ် ၁ ရာစုခန့်က မီးလောင်ပျက်စီးခဲ့သည်ဟု ပညာရှင်တို့က ယူဆသဖြင့် သရေခေတ္တရာထက် အနည်းဆုံး နှစ် ၂၀၀ ကျော် စောခဲ့သည့်မြို့ ဖြစ်သည်။ ဗိဿနိုးမြို့ဟောင်းတွင် တူးဖော်တွေ့ရှိခဲ့သော အိုးတို့၌ ရေးဆွဲထားသော အရုပ်တို့သည် အိန္ဒိယ၊ ဗြာဟ္မဏဝါဒ တမျိုးမျိုး၏ လက္ခဏာဖြစ်နိုင်ဖွယ်ရာဟု ပညာရှင်အချို့က ခန့်မှန်းသည်။ထား။

သေချာတာက သရေခေတ္တရာမြို့ဟောင်း တူးဖော်တွေ့ရှိမှု၊ ကျောက်စာနှင့် အခြားသော အထောက်အထားများအရ ပျူတို့သည် ၄ ရာစုခန့်မှစတင်ကာ တောင်ပိုင်းအိန္ဒိယမှ စာရေးနည်း ရခဲ့ကြသည်။ ထို့ပြင် သရေခေတ္တရာရွှေပြည်ကြီးတွင် ဗုဒ္ဓဘာသာသည် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး ကျမ်းဂန်ကျကျ တတ်မြောက်ခဲ့ပြီး ဖြစ်သည်။

နောက်မှရောက်လာသည့် ဗမာတို့၏ ကိုးကွယ်မှုမှာ နတ်နဂါးအယူနှင့် ယဇ်ပူဇော်ခြင်းသာ ဖြစ်ပြီး မြန်မာမြေပေါ်ရှိနှင့်ပြီးသော အမျိုးတူ ပျူ၊ သက်နှင့် အမျိုးကွဲ မွန်၊ ပေါင်လောင်တို့ထံမှ စိုက်ပျိုးရေးပညာနှင့် ဗုဒ္ဓဝါဒကို ရရှိခဲ့သည်။ မြန်မာအက္ခရာသည်လည်း ၄ ရာစုခေတ် တောင်ပိုင်း အိန္ဒိယရေးနည်းကို အခြေခံခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အိန္ဒိယအဝတ်အထည်ကို အခြေခံကာ အပူကြီးသည့် မြန်မာ့ရေမြေနှင့်ကိုက်ညီသော လုံချည်နှင့် ထဘီအဖြစ် တီထွင်နိုင်ခဲ့သလို အိန္ဒိယအစားအစာမျိုးစုံကိုလည်း မြန်မာမှုပြုနိုင်ခဲ့သည်။ ထို့ပြင် ပဒေသရာဇ်ခေတ် သမိုင်းအဆက်ဆက်တွင် အိန္ဒိယ-မြန်မာ စစ်ပွဲ ဆိုသည်ကိုလည်း ကျနော်တို့ ကြားခဲလှသည်။ ပြောရလျှင် မြန်မာတို့သည် သွေးသားတော်စပ်ခဲ့သောတရုတ်တို့ထံမှ ပူလောင်လွန်းလှသော ဒုက္ခမျိုးစုံရခဲ့ပြီး သွေးမတော်သားမစပ် အိန္ဒိယထံမှ ငြိမ်းချမ်းခြင်းနိမိတ် ဗုဒ္ဓ၏တရားတော်ရိပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

သုံးနိုင်ငံ သူ့ကျွန်ဘဝကို ကျော်ပြီး လွတ်လပ်သောနိုင်ငံများအဖြစ်သို့ ရောက်ရှိခဲ့သောအခါ အိန္ဒိယ နှင့်မြန်မာသည် ဒီမိုကရေစီ။ တရုတ်က ဆိုရှယ်လစ်ဟူ၍ ကိုယ့်လမ်းကိုယ်ဖောက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့၌ ကျင်းပသောညီလာခံ၌ မြန်မာဝန်ကြီးချုပ် ဦးနု၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် အိန္ဒိယဝန်ကြီးချုပ် နေရူးတို့က သုံးပွင့်ဆိုင်ပေါင်းစည်းမှုအဖြစ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ပူးတွဲတင်သွင်းခဲ့ရာ ဘန်ဒေါင်းမူအဖြစ် ကျော်ကြားခဲ့သည်။ (ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို တရုတ်တို့၏ နိုင်ငံခြားရေးမူဝါဒ အခြေခံဟာ ယနေ့ထိတိုင် ပြောမြဲဖြစ်သည်။)

လွတ်လပ်ရေးရပြီးစ မြန်မာနှင့် တရုတ်တို့သည် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး ၁၉၅၀ ၀န်းကျင်ခန့်က နှစ်နိုင်ငံ ဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအဖြစ် တင်စားခဲ့ကြသည်။ မြန်မာနိုင်ငံသည် တရုတ်နှင့် နယ်စပ်ဆိုင်ရာ ကိစ္စရပ်များတွင် ပထမဆုံး ပြေလည်မှုရခဲ့သောနိုင်ငံလည်း ဖြစ်သည်။

ဆွေမျိုးပေါက်ဖော် ဆိုသည်မှာ ညီရင်းအစ်ကိုဆက်ဆံရေးကို ခေါ်ဆိုခြင်း ဖြစ်သည်။ ပထမအာဏာရှင် ဗိုလ်နေဝင်းလက်ထက် ၁၉၆၇ ခုနှစ် ဇွန်နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွင်း တရုတ်-ဗမာ အဓိကရုဏ်း ပေါ်လာပြီးနောက်တွင်မူ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဆိုသည့် အခေါ်အပြော ရပ်သွားခဲ့သည်။

ယင်း၏အဆက်အဖြစ် ၁၉၆၈ နှစ်ဆန်းတွင် မြန်မာအရှေ့မြောက်ဒေသ၌ တရုတ်အစိုးရ၏ ထောက်ပံ့မှု အစုံအလင်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ အင်အားကြီးထွားလာခဲ့သည်။ သို့သော်၊ နိုင်ငံတကာသံတမန်ရေး နယ်ပယ်တွင် တရုတ်တို့ မကြာခဏ ရည်ညွှန်းလေ့ရှိသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူထဲ၌  တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား မကျူးကျော်ရေး၊ အချုပ်အခြာ အာဏာကို အပြန်အလှန်လေးစားရေး၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရေးတို့ ပါဝင်သည် ထား။ 

ထိုသို့ တရုတ်-ဗမာ အဓိကရုဏ်းနောက်ပိုင်း လေးလံထိုင်းမှိုင်းခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေးသည် စစ်အစိုးရကာလသို့ ရောက်သောအခါ စစ်အစိုးရနှင့် တရုတ်အစိုးရကြား အပြန်အလှန် အကျိုးစီးပွားအပေါ် အခြေခံကာ ပြန်လည်ဆန်းသစ်လာခဲ့သည်။ ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာစင်မြင့်ထက်တွင် မြန်မာစစ်အစိုးရ အလဲထိုးမခံရရေးအတွက် တရုတ်က သူ့သြဇာဖြင့် အကာအကွယ်ပေးသလို အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့မှုများကိုလည်း တရုတ်က ကျားကန်ပေးခဲ့သည်။ အလကားတော့မဟုတ်။ မြန်မာနိုင်ငံ၏ ကုပ်ပေါ် တရုတ်ကို ခွစီးခွင့်ပေး၊ မြန်မာမြေပေါ် တရုတ် ခြယ်လှယ်သမျှ အပြုံးမပျက် ခွင့်ပြုပေး။ နဖူးစီးခေါင်းစဉ်မှာမူ အစဉ်အလာ မပျက် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဖြစ်သည်။

တရုတ် နားလည်သော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဆိုသည်မှာ အစ်ကိုကြီးသြဇာကို ညီဖြစ်သူက ခြွင်းချက်မရှိ လက်ခံရေး ဖြစ်သည်။ ထို့ပြင် တရုတ်သည် ၎င်း၏အိမ်နီးချင်းအဖြစ် ၎င်းနှင့် တန်းတူရည်တူ ဆက်ဆံကာ ကိုယ်နိုင်ငံ့အကျိုးကိုယ်ကြည့်မည့် ဒီမိုကရေစီနိုင်ငံ တနိုင်ငံ ဖြစ်ထွန်းလာခြင်းထက် ၎င်းအလိုကျ အနေအထိုင်တတ်ရမည့် အာဏာရှင်နိုင်ငံတနိုင်ငံ အရှည်ဖြစ်ထွန်းရေးကို ပိုမိုလိုလားမှာ သေချာသည်။

သို့သော် တရုတ်အစိုးရသည် မြန်မာပြည်သူတို့အကြောင်း သေချာသိဟန်မတူ။ မူလဗမာများက စလို့ လွတ်လပ်မှုအတွက် မည်သည့်အရာကိုမဆို စွန့်လွှတ်ရဲခဲ့သည့်အကြောင်း မြန်မာတို့၏ သွေးသားဖွဲ့ စည်းပုံကို ပိုသိဟန်မတူ။

ကိုးကား - ခေတ်ဟောင်းမြန်မာရာဇဝင်(ဒေါက်တာသန်းထွန်း)

ထွန်းလင်း

2 months Ago
Up