ပျက်စီးလမ်းများပြန်ခင်းရန်

July 9, 2020

ပုသိမ်ရေပေးဝေရေး စီမံကိန်းကြောင့် ပျက်စီးလမ်းများပြန်ခင်းရန် ပိုလျှံရန်ပုံငွေ သန်း ၄၀၀ ခန့် သုံးမည်

ပုသိမ်မြို့ရေပေးဝေရေးအတွက် ကွန်ကရစ်လမ်းတွေ တူးဖော်တာကြောင့် ပျက်စီးသွားတဲ့ လမ်းတွေ ပြန်ခင်းဖို့ ၂၀၁၉-၂၀၂၀ အထွေထွေပိုလျှံရန်ပုံငွေမှ ကျပ်သန်း ၄၀၀ လောက် ခွင့်ပြုပေးထားတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ “ပုသိမ်ရေပေးရေးအတွက် ရပ်ကွက်တွေမှာ ရေပိုက်လိုင်းတွေ ဖြန့်ဝေပိုက်လိုင်းတွေတူးတဲ့ အခါမှာ ရပ်ကွက်ကခင်းထားတဲ့ ပြည်သူလူထုနဲ့စည်ပင် စုပေါင်းပြီးခင်းထားတဲ့ ကွန်ကရစ်လမ်းတွေ ပျက်စီးသွားတဲ့အတွက် ကွန်ကရစ်လမ်းတွေ ပြန်လည်ခင်းပေးဖို့ခွင့်ပြုငွေလည်း ပါဝင်ပါတယ်” လို့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ဒီဗွီဘီကိုပြောပါတယ်။ ပျက်စီးသွားတဲ့လမ်းတွေ အားလုံးပြီးအောင် ပြန်လုပ်ဖို့ ဒီဘက်ဂျက်နှစ်အတွင်းမှာတော့ မပြီးနိုင်ဘဲ ကျန်တဲ့လုပ်ငန်းတွေကို နောက်နှစ်တွေမှာ ဘက်ဂျက်ခွင့်ပြုငွေတောင်းပြီး ဆက်လုပ်မယ်လို့ သိရပါတယ်။ ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်း စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ JICA ချေးငွေနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ရေပေးဝေရေးလုပ်ငန်းကြောင့် ရပ်ကွက်တွေမှာ လမ်းတွေ ပျက်စီးခဲ့ပြီး ပြန်လည်လုပ်ဆောင်ပေးဖို့ ပြည်သူတွေက တင်ပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ မြို့နယ်တွေက ဘက်ဂျက်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တင်ဒါ ပိုလျှံ ပြန်တင်တဲ့ငွေမှ နောက်ထပ်တိုးလုပ်ငန်းများ မြို့နယ်အလိုက်ပြန်လုပ်ခွင့်ပြုတဲ့ ရန်ပုံငွေကို အထွေထွေပိုလျှံရန်ပုံငွေလို့ ခေါ်ဆိုတာပါ။ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “စည်ပင်သာယာရေးအဖွဲ့တွေမှ ပိုလျှံငွေ တင်ပြတဲ့အခါမှာ လုပ်ငန်းတွေ ပြန်လည် လုပ်ပိုင်ခွင့် ပြုတဲ့ နေရာမှာ ပုသိမ်၊ ငပုတော၊ ဟင်္သာတ၊ မြန်အောင်၊ အင်္ဂပူ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ အမာ၊ ဒေးဒရဲ၊ မော်ကျွန်း မြို့တွေက သူတို့ဘက်ဂျက်မှာ သူတို့ပိုလျှံငွေတွေထွက်လာလို့ သုံးစွဲခွင့် တောင်းလို့ ပြန်လည်သုံးစွဲခွင့်ပေးပြီးဖြစ်ပါတယ်”လို့ ပြောပါတယ်။ အထွေထွေ ပိုလျှံရန်ပုံငွေနဲ့ ဆောင်ရွက်ရမယ် ခွင့်ပြုလိုက်ပြီး၊ ဘက်ဂျက် မပိတ်သေးတဲ့ကာလမှာ ထပ်မံပေါ်ပေါက်လာမယ့် ပိုလျှံရန်ပုံငွေတွေပြန်အပ်ဖို့ အပ်တဲ့အပေါ်မှာ ခွင့်ပြုရမဲ့ လုန်းတွေ ရှိသေးတယ်လို့ သိရပါတယ်။
1 year Ago
Up