ပျံ့နှံ့နေ

June 9, 2018

အဂတိလိုက်စားမှု ဌာနတိုင်း/နေရာတိုင်းတွင် ကင်ဆာဆဲလ်လို့ ပျံ့နှံ့နေဟု ကော်မရှင် ပြော

အဂတိလိုက်စားမှုဟာ ဌာနတိုင်း/နေရာတိုင်းမှာ ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။ နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးအောင်ကြည်က ပြောဆိုခဲ့တာပါ။ “ကင်ဆာရောဂါနဲ့ တူပါတယ်။ ကင်ဆာဆဲလ်တွေ တကိုယ်လုံးကို ပျံ့နှံ့နေတဲ့အခါမှာ ဒီလူမမာဟာ တော်တော်ပြင်းထန်တဲ့ ဝေဒနာကို ခံစားရပြီးတော့ သူ့ကို ကုသရတာ အလွန်ကို ခက်ခဲမှာဖြစ်ပါတယ်။ အဲ့သလိုပဲ ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ အဂတိလိုက်စားမှုဟာ နေရာ ဌာနပေါင်းစုံမှာ ဖြစ်နေတဲ့အတွက် ဒါကို ပြုပြင်ဖို့ ကြိုးစားအားထုတ်မှုဟာ အင်မတန် အလွယ်တကူ ရနိုင်တဲ့ ရည်မှန်းချက်မျိုးမဟုတ်ဘူး။ အလွယ်တကူကုစားလို့ရတဲ့ ဟာမျိုးမဟုတ်ဘူး။ တပွဲထိုးလုပ်လို့ရတဲ့ဟာမျိုးမဟုတ်ဘူး။ ဒီဥစ္စာကို စနစ်တကျနဲ့ ဘက်ပေါင်းစုံကနေ ပြင်ဆင်ပြီးတော့မှ လုပ်လို့ ရမယ်။ သိမ်သိမ်မွေ့မွေ့ ညင်ညင်သာသာနဲ့ ကျနော်တို့ ဆောင်ရွက်သွားရမယ့် ကိစ္စပဲဖြစ်ပါတယ်။” အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကိုတော့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ကော်မရှင်ကို တိုင်ကြားလာတဲ့ တိုင်ကြားမှုတွေဟာ ဥပဒေနဲ့ အကျုံးဝင်တယ်ဆိုရင် ဘယ်သူ့ကိုမဆို စိစစ်အရေးယူသွားမယ်လို့ ဦးအောင်ကြည်က အခုလိုပြောပါတယ်။ “ကျနော်တို့ ဒီဥပဒေနဲ့သာ အကျုံးဝင်တယ်ဆိုရင် ဘယ်သူ့ကိုမဆို ဒီသတ်မှတ်ထားတဲ့ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့နောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှု မှန်ရင်၊ ကျနော်တို့ကို နည်းလမ်းတကျ တိုင်ကြားလာရင် ခိုင်လုံတဲ့ အထောက်အထားနဲ့ တိုင်ကြားလာရင် တိုင်းကြားချက်အတိုင်း မျက်နှာလွှဲခြင်း၊ ဘက်လိုက်မှုဆိုတာ မရှိပါဘူး။ ကျနော်တို့ဟာ ဘက်လိုက်ခြင်းကင်းတဲ့ စံနှုန်းကို အမြင့်ဆုံးတင်ထားပါတယ်” ဒါအပြင် ၂၀၁၉ ခုနှစ်မှာတော့ ဌာနတိုင်း၊ နေရာတိုင်းမှာ အဂတိလိုက်စားမှုတွေ မရှိစေဖို့အတွက် ရည်မှန်းဆောင်ရွက်နေတယ်လို့လည်း ဦးအောင်ကြည်က ပြောပါတယ်။
3 years Ago
Up