ပျံကျဈေးမီးလောင်

January 14, 2017

ရေးမြို့တွင် စိတ်မနှံ့သူ အမျိုးသမီးတဦးကြောင့် ပျံကျဈေးမီးလောင်

မွန်ပြည်နယ်၊ ရေးမြို့ သီရိနန္ဒာရပ်ကွက် အဏ္ဏဝါရပ်ကွက် ပျံကျဈေးအတွင်း ဇန်နဝါရီ ၁၄ ရက် မနက် ၃ နာရီ ၃၇ မိနစ်က စိတ်မနှံ့သူအမျိုးသမီး တဦးမီးရှို့ရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။ မီးလောင်မှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့နယ်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန် မီးသတ် ၂၀ ဦး၊ ရပ်ကွက်နေပြည်သူတွေက မီးသတ်ယာဉ် ၆ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မနက် ၄ နာရီ အချိန်လောက် မီးညွန့်ကျိုးပြီး နံနက် ၄ နာရီ ၂၀ မိနစ်မှာ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။ မီးလောင်မှုကြောင့် ပျံကျဈေးအတွင်းရှိ (၁၀×၁၀) အရွယ်အထည်ဆိုင် ၁ ခန်း၊ ကုန်ခြောက်ဆိုင်ခန်း ၃ ခန်း မီးလောင်မှုဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေစုစုပေါင်းမှာ ကျပ် ၉ သိန်းခွဲလောက် ရှိတယ်လို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အဲဒီအမျိုးသမီးကိုတော့ ရေးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပြီး အဲဒီအမျိုးသမီးကတော့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ နေမျိုးထွဋ်
5 years Ago
Up