ပျံကျဆိုင်ခန်းများ

May 22, 2018

ကဗျာဝကမ်းခြေတွင် ဖွင့်လှစ်ထားသည့်  ပျံကျဆိုင်ခန်းများ ဖျက်သိမ်းပေးရမည်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကမ်းခြေမှာ ပုံစံတူ ဆိုင်ခန်းတွေ ဆောက်လုပ်ဖို့ရှိတဲ့အတွက် ကျူးကျော်ဖွင့်လှစ်ထားတဲ့ ပျံကျဆိုင်ခန်းတွေ ဖျက်သိမ်းရဖို့ရှိနေပါတယ်။ မေ ၂၁ ရက်က ခေါဇာမြို့အုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်တဲ့ ကဗျာဝ ပင်လယ်ကမ်းခြေ သဘာဝဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးကော်မတီနဲ့ ပျံကျဈေးဆိုင်ခန်းပိုင်ရှင်တွေ တွေ့ဆုံခဲ့ကြပြီး ပျံကျဈေးဆိုင်ခန်းတွေကို သဘောတူ လက်မှတ်ရေးထိုးစေခဲ့တာပါ။ ကဗျာဝ ပင်လယ်ကမ်းခြေ သဘာဝဝန်းကျင်သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ခေါဇာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက “ပြန်လည်ဆောက်လုပ်မယ့် ဆိုင်ခန်းတွေအတွက် စနစ်တကျ စီမံချက်ရေးဆွဲပြီး သက်ဆိုင်ရာကို ပြန်လည်တင်ပြသွားမယ်။ အဲဒီကနေ ကျလာတဲ့အခါကျရင် ပျံကျဈေး ဆိုင်ခန်းတွေကို ဖျက်သိမ်းစေပြီးတော့ စနစ်တကျ ပြန်လည်ဆောက်လုပ်မယ့် ဆိုင်ခန်းတွေမှာ နေရာချသွားမှာပေါ့” လို့  ပြောပါတယ်။ ဆိုင်ခန်းတွေ ဆောက်လုပ်တာအပါအဝင် ကမ်းခြေ သာယာလှပရေးအစီအမံ ရှိပြီးသား ဖြစ်တဲ့အတွက် ကျူးကျော်ဆိုင်ခန်းတွေ ထပ်မတိုးပွားလာစေဖို့နဲ့ ကမ်းခြေ ပိုမိုစည်ကားလာစေရေး၊ ဈေးဆိုင်ခန်းတွေက ခရီးသည် အလုအယက် မခေါ်ကြစေရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ရောင်းချဖို့အတွက်ကိုလည်း ကော်မတီအနေနဲ့ ကြီးကြပ်ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ ကမ်းခြေမှာ ပျံကျဆိုင်ခန်း ဖွင့်လှစ်ထားတဲ့ ဒေါ်စန္ဒာဝင်းက “ကျမတို့ဒေသ ပိုပြီးတော့ ဖွံ့ဖြိုးလာဖို့ အခုလို စနစ်တကျနဲ့ ဆိုင်ခန်းတွေ ဖွင့်ဖို့အတွက်မို့ သဘောတူပါတယ်၊ ကျေနပ်ပါတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။ ကမ်းခြေမှာ မိမိပိုင်မြေတွေမှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းပေါင်း ၁၀ ခန်းနဲ့ ပျံကျကျူးကျော်ဆိုင်ခန်း ၁၅ ခန်းလောက်ရှိကာ အဲဒီကမ်းခြေကို အခါကြီးရက်ကြီးတွေမှာ အပတ်စဉ် လူပေါင်း ထောင်ချီ လာရောက်လည်ပတ်နေတာပါ။ သတင်း၊ ဓာတ်ပုံ - ဝင်းနိုင်သက်
3 years Ago
Up