ပျားတုပ်ခံရသည့် ဆင်အုပ်စုကြီး ထိတ်လန့်တကြား ထွက်ပြေး

May 26, 2017

ပျားတုပ်ခံရသည့် ဆင်အုပ်စုကြီး ထိတ်လန့်တကြား ထွက်ပြေး (ရုပ်သံ)

ဆင်တွေကို ပျားတုပ်ခံရတာမျိုး သင်တို့ တွေ့ဖူးပါသလား။ အဲဒီလိုကြုံတွေ့ရချိန်မှာ သူတို့ဟာ ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပျားတုပ်ခံခဲ့ရတဲ့ ဆင်အုပ်စုကြီးကို မျက်မြင်တွေ့ရှိသူ အပျော်တမ်း ဓာတ်ပုံဆရာတဦးက မှတ်တမ်းတင်ရုပ်သံ ရိုက်ကူးထားခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ တောင်အာဖရိကနိုင်ငံ၊ ကရူဂါအမျိုးသားဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဆင်တွေဟာ အရွယ်ပမာဏကြီးမားပြီး တောတွင်းဘုရင်တွေလို့ လူသိများကြပေမယ့် ပျားတုပ်ခံရချိန်မှာတော့ ဘယ်လိုမှ မခံမရပ်နိုင်ဘဲ အုပ်စုလိုက်ထွက်ပြေးခဲ့ကြတာကို တွေ့ရပါတယ်။ အသက် ၂၇ နှစ်အရွယ် ဓာတ်ပုံဆရာမ ကက်သရင်း ဗဲန် အိခ်က “ကျမတို့ စောင့်ကြည့်နေချိန်မှာ ဆင်တွေဟာ တကောင်ပြီးတကောင် ထွက်ပြေးလာကြတော့ တောထဲမှာ သူတို့ တောကောင်ခြင်္သေ့တွေ့လို့ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြတယ်။ ဒါပေမယ့် အဝေးကြည့်မှန်ပြောင်းနဲ့ သူတို့နောက်ကို ကြည့်လိုက်ချိန်မှာ ပျားတွေလို့ ယူဆရမယ့် အကောင်တွေ ပျံဝဲလိုက်လာတာကို တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆင်တွေဟာ တကောင်ပြီးတကောင် လမ်းမကိုဖြတ်ကူးပြီး ထွက်ပြေးလာခဲ့ကြတာကို တွေ့ရမှာပါ။ “ဘယ်လောက်တောင် အံ့သြဖို့ကောင်းသလဲ။ ကမ္ဘာ့အကြီးဆုံးသတ္တဝါတွေဖြစ်တဲ့ ဆင်တွေက ဒီအင်းဆက်သေးသေးလေးတွေကို ကြောက်ပြီး ထွက်ပြေးတယ်ဆိုတာလေ။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာကြောင့် ခုလိုထွက်ပြေးခဲ့ကြတယ်ဆိုတာကို သိလာခဲ့ရတယ်။ ဆင်တွေမှာ နှာမောင်းက အစာစားတာ၊ အနံ့ခံတာ စသဖြင့် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တယ်။ တကယ်လို့သာ ပျားဟာ နှာမောင်းအရင်း အတွင်းပိုင်းထိရောက်အောင် ဝင်လာပြီး အတုပ်ခံရမယ်ဆိုရင် သေတဲ့အထိ ဖြစ်နိုင်လို့ ခုလိုပြေးကြတာပါ။”
4 years Ago
Up