ထိုင်းနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ တရက်ကို ပျမ်းမျှ ၁၆ ဦးနှုန်းထိ ရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
လာမယ့် ၂၀၃၀ ပြည့်နှစ်မှာတော့ အစိုးရအနေနဲ့ ဒီနှုန်းကို တရက်မှာ ၃ ယောက်နှုန်းထိ လျော့ကျသွားစေလိုတာဖြစ်ပြီး ရောဂါကြောင့် သေဆုံးရတဲ့ လူဦးရေကိုလည်း ၇၀ ရာခိုင်နှုန်းထိ လျှော့ချသွားလိုတယ်လို့ ဆိုပါတယ်။
ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်ဗဟိုဌာနရဲ့ ၂၀၁၅ ခုနှစ် သတင်းထုတ်ပြန်ချက်အရ တရားဝင်မှတ်ပုံတင်ထားတဲ့ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ရောဂါရှင် လူနာအရေအတွက်ဟာ ၁ သန်းခွဲကျော်ရှိနေပြီး နိုင်ငံတွင်း စုစုပေါင်းလူဦးရေ ရဲ့ ၂ ဒဿမ ၃ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
အခုနှစ်တနှစ်တည်းမှာတင် ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၅၈၀၁ ယောက်ရှိပြီး တရက်ကို ပျမ်းမျှ ၁၆ ဦးရှိနေတာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ရောဂါကူးစက်မှုနှုန်းကို ၁ နှစ်မှာ လူဦးရေ တထောင်လောက်ထိ လျှော့ချနိုင်ဖို့ ရည်မှန်းထားတာပါ။
အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ရောဂါကူးစက်ခံထားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၂၅ နှစ်ကနေ ၃၉ နှစ်ကြားအရွယ်တွေ ဖြစ်ကြပြီး လက်ရှိမှာတော့ သူတို့ကို အမျိုး သားကျန်းမာရေးနဲ့ လုံခြုံရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ သတင်းအချက်အလက်တွေအရ ရောဂါကူးစက်ခံရတာတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ လိင်ဆက်ဆံရာမှတဆင့် ကူးစက်ခံရတာလို့ ဆိုပါတယ်။
3 years Ago