ပျက်ကျလေယာဉ်ပေါ်ပါ မိခင်နှင့်ကလေးကို ရက်အတန်ကြာမှ အသက်ရှင်လျက်ပြန်တွေ့

June 25, 2015

ပျက်ကျလေယာဉ်ပေါ်ပါ မိခင်နှင့်ကလေးကို ရက်အတန်ကြာမှ အသက်ရှင်လျက်ပြန်တွေ့

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း တောနက်ထဲမှာ ပျက်ကျခဲ့တဲ့လေယာဉ်ပေါ် ပါသွားတဲ့ မွေးကင်းစကလေးနဲ့ မိခင်ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့ပါတယ်။ ဇွန် ၂၀ ရက်က လေယာဉ်ပျက်ကျသွားပြီးနောက် ရက်အတန်ကြာ ပျောက်ဆုံးနေတဲ့ ကလေးနဲ့ မိခင်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည်တွေ့ရှိခဲ့ပြီး အံ့ဖွယ်အမျိုးသမီးလို့ အမည်ပေးခဲ့ကြပါတယ်။ ၁၈ နှစ်အရွယ် မိခင် နယ်လီမူရီလိုနဲ့ သား ယူဒီယာမရီနိုတို့ကို ဆက်စ်နာ ၃၀၃ လေယာဉ်ပျက်ကျတဲ့ နေရာအနီး ချုံပုတ်တခုထဲမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ “အံ့သြစရာကောင်းပါတယ်။ တကယ့်တောနက်ကြီးနားမှာ မတော်တဆမှုဖြစ်ခဲ့တာပါ။ အမေရဲ့ ပြင်းပြတဲ့ စိတ်ကြောင့် ကလေးက အသက်ဆက်ရှင်ဖို့ ခွန်အား ရရှိခဲ့တာ ဖြစ်ပါလိမ့်မယ်” လို့ ကိုလံဘီယာလေတပ်မှ ဗိုလ်မှူးကြီး ကာရက်စကယ်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ နယ်လီမူရီလိုနဲ့ ကလေးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာမရရှိဘဲ ပွန်းပဲ့ ဒဏ်ရာတွေကို ကုသခံယူဖို့ အနီးဆုံးဆေးရုံဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင် ဆေးကုသမှု ခံယူနေတယ်လို့ သူကပြောပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မောင်းသူ ကားလော့စ်မာရီယိုဆီဘဲလို့စ် သေဆုံးခဲ့ပြီး အလောင်းကို လေယာဉ်ထဲမှာ အရေးပေါ် ကယ်ဆယ်ရေးသမားတွေက တွေ့ရှိခဲ့ပါတယ်။ လေယာဉ်ဟာ ကိုလံဘီယာ အနောက်မြောက်ပိုင်း နူးကွီမြို့နဲ့ ကွစ်ဘ်ဒိုမြို့ကြား ပျံသန်းစဉ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းနေတယ်လို့ သိရပါတယ်။
6 years Ago
Up