ကိုလံဘီယာနိုင်ငံမှာ လေယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ ဘရာဇီးနိုင်ငံ ချာပက်ကိုအန်ဆီ ဘောလုံးအသင်းသားတွေအပါအဝင် စုစုပေါင်း အလောင်း ၇၁ လောင်းကို အမိနိုင်ငံအသီးသီး ပြန်လည်သယ်ဆောင်ပြီး ဘောလုံးအသင်းသားတွေရဲ့ အလောင်းတွေကိုလည်း အခမ်းအနားနဲ့ ဘရာဇီးလ်နိုင်ငံကို ပြန်လည်သယ်ဆောင်ခဲ့ပါတယ်။
ချာပက်ကိုအန်ဆီဘောလုံးအသင်းရဲ့ ကစားကွင်းမှာ ကျင်းပမယ့် ဈာပနအခမ်းအနားကို လူပေါင်း ၁ သိန်းကျော် တက်ရောက်မယ်လို့ ခန့်မှန်းကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။
ဘောလုံးအသင်းသားတွေဟာ နောက်ဆုံးပွဲစဉ်ကို ကစားဖို့အတွက် ချာတာအဲဒီလိုင်းပိုင် လေယာဉ်နဲ့ ပျံသန်းစဉ် ကိုလံဘီယာနိုင်ငံ မဲဒလင်းမြို့ရဲ့အပြင်ဘက်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က လေယာဉ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့က အလောင်းတွေကို မဲဒလင်းလေဆိပ်ကနေ သယ်ဆောင်စဉ် လူပေါင်း ရာချီ လာရောက် ဂါရဝပြုကြပါသေးတယ်။
ပါရာဂွေးနိုင်ငံမှ လေယာဉ်ဝန်ထမ်းရဲ့အလောင်းကို မိသားစုထံ လွှဲပြောင်းရန် ပါရာဂွေးနိုင်ငံ သယ်ဆောင်သွားပြီး အခြားသေဆုံးသူတွေဖြစ်တဲ့ ဘရာဇီးလ်လူမျိုး ၆၄ ဦး၊ ဘိုလစ်ဗီယားလူမျိုး ၅ ဦးနဲ့ ဗင်နီဇွဲလားနိုင်ငံသား တဦးတို့ရဲ့အလောင်းတွေကိုလည်း သူတို့ရဲ့ နိုင်ငံအသီးသီးသို့ ပြန်လည်သယ်ဆောင်သွားပါတယ်။
ဒီသေဆုံးသူတွေထဲမှာ ချာပက်ကိုအန်ဆီဘောလုံးအသင်းမှ အသင်းသားစုစုပေါင်း ၁၉ ဦးဖြစ်ပြီး အခြားသူတွေကတော့ အသင်းရဲ့အထောက်အကူပြုဝန်ထမ်းတွေနဲ့ အသင်းရဲ့သတင်းတွေကို ရေးသားထုတ်ပြန်မဲ့ သတင်းထောက်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဘရာဇီးလ်နိုင်ငံ ချာပက်ကိုအန်ဆီဘောလုံးအသင်းမှ ကစားသမားတွေ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ နိုဝင်ဘာလ ၂၈ ရက်နေ့က ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာပျံသန်းသွားပြီး ကိုလံဘီယာနိုင်ငံ မဲဒလင်းမြို့ရဲ့အပြင်ဘက်မှာ လေယာဉ်ဆီကုန်ပြီး ပျက်ကျခဲ့တာလို့ သိရပါတယ်။
6 years Ago