ပဲနွယ်ကုန်းတွင် ယာဉ်တိုက်မှုဖြစ်၍ ၂ ဦး သေဆုံး၊ ယာဉ်မောင်းထွက်ပြေး

April 8, 2018

ပဲနွယ်ကုန်းတွင် ယာဉ်တိုက်မှုဖြစ်၍ ၂ ဦး သေဆုံး၊ ယာဉ်မောင်းထွက်ပြေး

ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်မြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် (၁၂၀/၅နဲ့ (၁၂၀/၆) အကြားမှာ ဒီနေ့မနက်ပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိလို့ ၂ ဦးသေဆုံးသွားပြီး ခြောက်ဘီးယာဉ်မောင်း ထွက်ပြေးသွားတယ်လို့ ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ "ကားနဲ့ ဆိုင်ကယ်က လာတာကတော့ လားရာတူပဲ။ ကားကဘောလုံးကွင်းထဲမှာ သဲချဖို့ ကွေ့လိုက်တဲ့အချိန်မှာ နောက်ကပါလာတဲ့ ဆိုင်ကယ်က ကားရဲ့ဘေးကိုတိုက်မိပြီး ကြိတ်မိသွားတာပါ။ ဆိုင်ကယ်ပေါ်ကပါတဲ့ နှစ်ယောက်လုံး နေရာမှာတင် သေဆုံးသွားပါတယ်။ ခြောက်ဘီးယာဉ်မောင်းကတော့ ထွက်ပြေးသွားလို့ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။" ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်က ၂ ဦးလုံး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ခြောက်ဘီးယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုင်ကယ်ယာဉ်မောင်း စိုးညွန့် (သေဆုံး) နဲ့ ခြောက်ဘီးယာဉ်မောင်း ဟန်မင်းထွန်းတို့ကို လူ့အသက်သေဆုံးတဲ့အထိ ယာဉ်အားမဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ နဲ့ ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်လှစ်ထားပါတယ်။ သေးဆုံးသူ ၂ ဦးကို ပဲနွယ်ကုန်းဆေးရုံ ပို့ဆောင်ထားကာ ထွက်ပြေးသွားတဲ့ ခြောက်ဘီးယာဉ်မောင်းအား ဖမ်းစီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း ကျော်အောင်(ကညွတ်ကွင်း)    
3 years Ago
Up