ပွဲဦးထွက် စင်ကာပူအသင်းနှင့်ပွဲ ခက်ခဲစွာယှဉ်ပြိုင်ရမည်ဟု မြန်မာနည်းပြပြော

August 14, 2017

ပွဲဦးထွက် စင်ကာပူအသင်းနှင့်ပွဲ ခက်ခဲစွာယှဉ်ပြိုင်ရမည်ဟု မြန်မာနည်းပြပြော

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ-၂၂ အသင်းနဲ့ စင်ကာပူ ယူ-၂၂ အသင်းတို့ ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၂ နာရီခွဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ အုပ်စုတွင်း ဘယ်အသင်းကိုမှ လျှော့တွက်လို့မရဘဲ ပွဲဦးထွက် စင်ကာပူအသင်းနဲ့ ပွဲမှာလည်း ခက်ခဲစွာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "အုပ်စုတွင်း ပြိုင်ဘက်တွေအားလုံးက အကောင်းဆုံး ပြင်ဆင်လာကြတာပါပဲ။ လွယ်လွယ်နဲ့တော့ ဘယ်အသင်းကိုမှ လျှော့တွက်ကစားလို့ မရပါဘူး။ ပွဲဦးထွက် စင်ကာပူအသင်းနဲ့ ပွဲမှာလည်း ကျနော်တို့ ခက်ခဲစွာနဲ့ ယှဉ်ပြိုင်ရမှာပါပဲ။ သူတို့အသင်းက နုပျိုပြီး စုဖွဲ့မှုကောင်းတယ်။ အသင်းကောင်းတသင်းပါ။" ဒီပွဲမှာ မြန်မာပရိသတ်အားလုံး ပျော်ရွှင်နိုင်ဖို့အတွက် အဓိကထား ကြိုးစားသွားမယ်လို့လည်း မြန်မာအသင်းနည်းပြက ပြောပါတယ်။ "ကျနော်တို့အသင်းကို ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဓိကပြင်ဆင်လာခဲ့တာ အခုဆို အသင့်ဖြစ်နေပါပြီ။ ဆီးဂိမ်းစ်မတိုင်မီမှာ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပွဲတွေရော နိုင်ငံတကာ ခြေစမ်းပွဲတွေပါ ကစားလာခဲ့တယ်။ ပရိသတ်တွေအနေနဲ့ ယူ-၂၃ အသင်း အာရှခြေစစ်ပွဲမှာ သြစတြေးလျလိုအသင်းကို အရေးနိမ့်ပြီး ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် အပြည့်အဝ မပျော်ရွှင်ခဲ့ရဘူး။ ကျနော်တို့အသင်းအနေနဲ့ ဒီတကြိမ်မှာ ပရိသတ်တွေ ပျော်ရွှင်စေဖို့အတွက် အဓိကထားပြီး ကြိုးစားသွားမှာပါ။" မြန်မာအသင်းနဲ့ ပွဲစဉ်ကတော့ ခက်ခဲမယ်ဆိုတာ သိပေမယ့် ရလဒ်ကောင်းရဖို့ ပြင်ဆင်ထားပါတယ်လို့ စင်ကာပူ ယူ-၂၂ အသင်းနည်းပြ ရစ်ချက် တယ်ဒီက ပြောပါတယ်။ “ဒီအုပ်စုမှာ ကျနော်တို့အသင်းက အသက်အရွယ်အားဖြင့် အငယ်ဆုံးလို့ ပြောနိုင်ပါတယ်။ အများစုက အသက် ၁၉-၂၀ ဝန်းကျင်တွေပါပဲ။ မြန်မာအသင်းနဲ့ အိမ်ရှင် မလေးရှားအသင်းတို့က အုပ်စုမှာ အတောင့်တင်းဆုံးလို့ ဆိုနိုင်ပြီး ကျန်တဲ့အသင်းတွေကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ကျနော်တို့အသင်းကတော့ အသက်အငယ်ဆုံး ဖြစ်တဲ့အတွက် ဒီကစားသမားလေးတွေနဲ့ အနာဂတ် အသင်းကောင်းတသင်းဖြစ်ဖို့ ရည်ရွယ်ထားတာပါ။ လက်ရှိ ဆီးဂိမ်းစ်ကိုလည်း ရလဒ်ကောင်းရဖို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားပါမယ်။ မနက်ဖြန် မြန်မာအသင်းနဲ့ ပွဲစဉ်ကတော့ ခက်ခဲမယ်ဆိုတာ သိပေမယ့် ရလဒ်ကောင်းရဖို့ ပြင်ဆင်ထားပါတယ်။" ၂၀၁၇ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စု က မှာ မြန်မာအသင်းဟာ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအိုအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျနေတာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေအဖြစ် မြန်မာအသင်းဟာ သြဂုတ် ၁၆ ရက်မှာ လာအိုအသင်း၊ သြဂုတ် ၁၈ ရက်မှာ ဘရူနိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၂၁ ရက်မှာ အိမ်ရှင် မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ စင်ကာပူနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာတုန်းကတော့ မြန်မာ ယူ-၂၃ အမျိုးသားလက်ရွေးစင်အသင်းက ဒုတိယ ငွေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနှင့် စင်ကာပူပွဲ မစတင်မီမြင်ကွင်းအား ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ ရုပ်သံ - အမ်အက်ဖ်အက်ဖ်
4 years Ago
Up