ပဲ့ထောင်နစ်

January 7, 2021

ပုသိမ်တွင် သင်္ဘောနှင့် ပဲ့ထောင်တိုက်မိပြီး ပဲ့ထောင်နစ်မြုပ်၊ လူ ၁ ဦးပျောက်ဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီ ၆ ရက် မနက်အစောပိုင်းက ခရီးသည်တင်သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိပြီး နစ်မြုပ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးက သိရပါတယ်။ ပုသိမ်မြို့၊ ကျောက်ငူဆိပ်ဘက်မှ အသက် ၂၇ နှစ်အရွယ် ကျော်မျိုးသူ မောင်းနှင်ပြီး အလုပ်သမား ၈ ယောက် လိုက်ပါလာတဲ့ ပဲ့ထောင်နဲ့ တိုင်းမှူးသင်္ဘောဆိပ်မှ အသက် ၆၇ နှစ်အရွယ် ဦးစိုးလွင် မောင်းနှင်လာတဲ့ အောင်စည်မြတ် ခရီးသည်တင်သင်္ဘောတို့ ငဝန်မြစ်ရဲ့ ၃ ပုံ ၁ ပုံမှာ ဝင်တိုက်မိခဲ့ပြီး ပဲ့ထောင် နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက "ပဲ့ထောင်က ကျောက်မီးဖိုတွေတင်လာတာ ဟိုဘက်က ပုသိမ် - သင်္ဃန်းကုန်းပြေးဆွဲတဲ့ သင်္ဘောနဲ့ ဝင်တိုက်မိတာပေါ့၊ လောလောဆယ်တော့ တစ်ယောက်ပျောက်ဆုံးနေလို့ ရှာဖွေတာတွေ ပြုလုပ်နေပါတယ်"လို့ ပြောပါတယ်။ သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိချိန်မှာ ပဲ့ထောင်က နစ်မြုပ်သွားပြီး ပဲ့ထောင်မှာလိုက်ပါလာတဲ့ လူတွေက ကမ်းပေါ်ကူးလာနိုင်ပေမယ့် ဦးထွန်းကျော်ဦးကတော့ ရေနစ်ပျောက်ဆုံးသွားလို့ ဆက်လက်ရှာဖွေနေရတယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပဲ့ထောင်နဲ့ သင်္ဘောမောင်းနှင်သူ နှစ်ဦးကို ရေယာဉ်အား မဆင်မချင်မောင်းနှင်မှုနဲ့  ပတ်သက်ပြီး ပုသိမ်မြို့ သင်္ဘောကျဉ်းနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူဖို့  စီစဉ်နေပါတယ်။ မင်းထက်မုန်း (ပုသိမ်)
10 months Ago
Up