ပဲ့ထိန်းဒုံးကျည်စနစ်

November 23, 2020

ဖိလစ်ပိုင်ကို ပဲ့ထိန်းဒုံးကျည်စနစ် အမေရိကန် လှူဒါန်း၊ မဟာမိတ်အဖြစ် ကာကွယ်ရန် ကတိပြု

အမေရိကန် အစိုးရဟာ ဖိလစ်ပိုင်နိုင်ငံကို အမေရိကန် ဒေါ်လာ ၁၈ သန်းတန် အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်စနစ်တွေ လှူဒါန်းခဲ့တယ်လို့ မနီလာမြို့တော် အခြေစိုက် နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရိုလော့ဆင်ဂျူနီယာက နိုဝင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။ ဒီစနစ်ကို မင်ဒါနာအိုကျွန်းပေါ်က အစ္စလာမစ်စစ်သွေးကြွတွေကို နှိမ်နင်းရာမှာ သုံးမယ်လို့လည်း သူက ပြောလိုက်ပါတယ်။ မနီလာမြို့တော်က နိုင်ငံခြားရေးဌာန ဗဟိုဌာနချုပ်မှာ လွှဲပြောင်းပေးရေး အခမ်းအနားအတွင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ်အိုဘရိုင်ယန်ဆီကနေ ပဲ့ထိန်းဒုံးကျည်တွေနဲ့ စမတ်ဗုံးတွေကို လက်ခံ ရယူခဲ့ပါတယ်။ အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တိုက်ခိုက်မှုတွေရှိလာရင် မဟာမိတ် ဖိလစ်ပိုင်ကို ကာကွယ်သွားမယ်လို့လည်း အမေရိကန်က ထပ်ပြီး ကတိပြုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူဒါတေတို့ ဧပြီလက ဖုန်းနဲ့ စကားပြောချိန်မှာ အမေရိကန် ဒေါ်လာ ၁၈ သန်းတန် ဒုံးကျည်တွေ ပေးမယ်လို့ ထရမ့်က ကတိပြုခဲ့တာပါ။ ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းတွေ ရှေ့ဆင့်နောက်ဆင့် ဝင်ခဲ့ကြလို့ သေဆုံး ပျက်စီးတာတွေ ရှိခဲ့အပြီး အိုဘရိုင်ယန်က ဖိလစ်ပိုင်ကို စာနာကြောင်း ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို တိုက်ပွဲဝင်နေရတဲ့ ဖိလစ်ပိုင်အပေါ် အမေရိကန်ရဲ့ အကူအညီတွေကိုလည်း အနှစ်ချုပ် ပြောပါတယ်။
5 months Ago
Up