ပဲ့ထိန်းလက်နက်

April 18, 2019

ပဲ့ထိန်းလက်နက် ပုံစံသစ် စမ်းသပ်မှု ကင်ဂျုံအန်း ကြီးကြပ်ကွပ်ကဲ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဗျူဟာမြောက် ပဲ့ထိန်းလက်နက် ပုံစံသစ်တခု စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ကေစီအန်အေက ဧပြီ ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီလက သဘောတူညီချက် မရခဲ့တဲ့ ဟနွိုင်း ထိပ်သီးညီလာခံအပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံး လူသိရှင်ကြား လက်နက်စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ အဲဒီလက်နက်က ဒုံးကျည်လား တခြားလက်နက်ပုံစံတခုလား ဆိုတာကို ကေစီအန်အေက ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပါဘူး။ ဗျူဟာမြောက်လက်နက် ဆိုတဲ့နေရာမှာ တာတိုပစ်လက်နက် ဖြစ်နိုင်တာကြောင့် အမေရိကန်က ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တော့ မဟုတ်လောက်ဘူးလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ အဲဒီလက်နက်မှာ အားကောင်းတဲ့ ထိပ်ဖူးနဲ့ ထူးခြားတဲ့ ပဲ့ထိန်း ပျံသန်းနိုင်စွမ်း ပါတယ်လို့ ကေစီအန်အေက ပြောပါတယ်။ ဒီလက်နက်စနစ်ကို တီထွင်မှု ပြီးစီးတာဟာ တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်တဲ့နေရာမှာ အင်မတန်အရေးပါတဲ့ သိသာထင်ရှားတဲ့ ဖြစ်ရပ်ပဲလို့ ကင်က မြောက်ကိုရီးယားစစ်တပ်ကို ပြောခဲ့တဲ့အကြောင်း ကေစီအန်အေက ကြေညာခဲ့ပါတယ်။
2 years Ago
Up