ပဲ့ထိန်းဒုံးကျည်

July 28, 2019

ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ကင်ဂျုံအန်း ကြည့်နေသည့် ရုပ်ပုံများ ဖြန့်ချိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တာတိုပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ် ပစ်လွှတ်ပုံကို ကြည့်နေတဲ့ ရုပ်ပုံတွေကို မြောက်ကိုရီးယား အစိုးရမီဒီယာ KRT က ဇူလိုင် ၂၆ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။ ဒါဟာ စစ်လိုလားတဲ့ တောင်ကိုရီးယားက လက်နက်တွေ တင်သွင်းနေတာနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်တာကိုရပ်ဖို့ သတိပေးချက်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ ဒါပေမယ့် ဒီစကားဟာ တောင်ကိုရီးယားကိုချည်း ရည်ညွှန်းတာ မဟုတ်ဘဲ အမေရိကန်ကိုပါ ရည်ရွယ်တာပဲလို့ အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကြောင့် နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး ဆွေးနွေးပွဲတွေ တကျော့ပြန် ကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သံသယ ဖြစ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား ဒုတိယ ထိပ်သီးညီလာခံ ပျက်အပြီး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေပါတယ်။ ထရမ့်ကတော့ ဒီစမ်းသပ် ပစ်လွှတ်မှုကြောင့် စိတ်မပျက်ဘူးလို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို သောကြာနေ့က ပြောပါတယ်။ “ဒါတွေက တာတိုပစ် ဒုံးကျည်တွေသာ ဖြစ်တယ်၊ လူအတော်များများမှာ ဒါမျိုး ဒုံးကျည်တွေ ရှိနေတာပါပဲ” လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
2 years Ago
Up