ပဲ့ထိန်းဒုံးကျည် ၃ စင်း စမ်းသပ်ပစ်လွှတ်သည့် ဗွီဒီယိုဖိုင် တောင်ကိုရီးယား ထုတ်လွှင့်ပြသ

August 30, 2017

ပဲ့ထိန်းဒုံးကျည် ၃ စင်း စမ်းသပ်ပစ်လွှတ်သည့် ဗွီဒီယိုဖိုင် တောင်ကိုရီးယား ထုတ်လွှင့်ပြသ

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်အပြီး နာရီပိုင်းအကြာမှာ တောင်ကိုရီးယားကလည်း ပဲ့ထိန်းဒုံးကျည် ၃ စင်း စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ သြဂုတ် ၂၄ ရက်က ပဲ့ထိန်းဒုံးကျည် ၃ စင်း စမ်းသပ်ပစ်လွှတ်တာကို ရိုက်ကူးထားတဲ့ ဗွီိဒီယိုဖိုင်ကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက်မှာ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဖွံ့ဖြိုးမှုအေဂျင်စီက ထုတ်လုပ်တဲ့ ဒီပဲ့ထိန်းဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ ကနေ ၈၀၀ ထိ ရောက်ရှိခဲ့ပြီး မြေပြင်နဲ့ ပင်လယ်ရေပြင် ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တာ တွေ့ရပါတယ်။ တောင်ကိုရီးယားရဲ့ အခုလို ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြခဲ့တာဟာ လက်ဦးမှုအရယူ တိုက်ခိုက်နိုင်တဲ့ မဟာဗျူဟာ စစ်ရေးစွမ်းရည်ကို ထုတ်ပြလိုက်တာဖြစ်သလို မြောက်ကိုရီးယားမှာရှိတဲ့ ဒုံးကျည်စခန်းတွေ အပါအဝင် ဘယ်ပစ်မှတ်ကိုမဆို ချေမှုန်းနိုင်စွမ်းရှိတယ်ဆိုတာ ပြလိုက်တာဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဖွံ့ဖြိုးမှုအေဂျင်စီက ပြောကြားပါတယ်။ မြောက်ကိုရီးယားဟာ ခေါင်းဆောင် ကင်ဂျုံအန်းလက်ထက်မှာ ပဲ့ထိန်းနဲ့ တိုက်ချင်းပစ်ဒုံးကျည် ဒါဇင်နဲ့ချီပြီး စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ သြဂုတ် ၂၉ ရက် မနက်ပိုင်းကလည်း ဂျပန်နိုင်ငံကိုကျော်ပြီး ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ရာမှာ ဟိုကိုင်းဒိုကျွန်း ကမ်းလွန်ကို ကျရောက်သွားခဲ့ပါတယ်။
4 years Ago
Up