ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခံရချိန် လိုက်နာသင့်သည့်လုပ်ငန်းစဉ်အကြောင်း ဂျပန်အစိုးရ ထုတ်လွှင့်ပညာပေး

June 27, 2017

ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခံရချိန် လိုက်နာသင့်သည့်လုပ်ငန်းစဉ်အကြောင်း ဂျပန်အစိုးရ ထုတ်လွှင့်ပညာပေး (ရုပ်သံ)

ပဲ့ထိန်းဒုံးကျည် ပစ်ခတ်ခံရချိန်မှာ လိုက်နာသင့်တဲ့ လုပ်ငန်းစဉ်တွေအကြောင်း ပြည်သူလူထုအတွက် ညွှန်ကြားချက်ကို ဂျပန်အစိုးရက ဒီလအစောပိုင်းက စပြီး လေလှိုင်းကနေ ထုတ်လွှင့် ပညာပေးနေပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုတွေ တိုးနေချိန်မှာ ဒီရုပ်သံကို ပြည်သူ့ရုပ်သံတွေကနေ ထုတ်လွှင့်နေတာပါ။ စက္ကန့် ၃၀ ကြာတဲ့ ထုတ်လွှင့်ချက်ထဲမှာ ပြတင်းပေါက်နည်းတဲ့ အခန်းထဲမှာ ခိုလှုံနေတဲ့လူတွေ၊ ဟင်းလင်းပြင်ထဲမှာ ဝပ်တွားနေတဲ့လူတွေနဲ့ အဆောက်အဦတွေထဲကို ဝင်ပြေးသွားတဲ့ လူတွေပုံကို ကာတွန်းပုံရိပ်တွေနဲ့ သရုပ်ဖော်ထားပါတယ်။ ဂျပန်အစိုးရဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုကို ထပ်ခါတလဲလဲ ပြစ်တင် ရှုတ်ချခဲ့တာပါ။ နိုင်ငံတွင်း ပြည်သူတွေရဲ့ကြားမှာ အရေးကြီးအခြေအနေဆိုတဲ့ ခံစားချက် မြင့်နေစေဖို့၊ ဘေးကင်းရာ အမြန်ရွှေ့ဖို့ လေ့ကျင့်ခန်းတွေလုပ်ဖို့ အစိုးရက စည်ပင်အာဏာပိုင်တွေကို ဒီနှစ် အစောပိုင်းမှာ ညွှန်ကြားထားပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်ဟာ ဂျပန်ကိုရောက်ဖို့ ဆယ်မိနစ် အချိန်ယူနိုင်တယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။ အစိုးရက ဒေသန္တရ အာဏာပိုင်တွေနဲ့ ပြည်သူတွေကို မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှုအကြောင်း တပ်လှန့်ဖို့ မိနစ်နည်းနည်း ယူရနိုင်တယ်လို့လည်း တွက်ချက်ထားပါတယ်။
4 years Ago
Up