ပဲရက်စ်ဒီကွေးယား

March 5, 2020

ကုလအတွင်းရေးမှူးချုပ်ဟောင်း ဒီကွေးယား ကွယ်လွန်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဟာဗီးယား ပဲရက်စ်ဒီကွေးယားဟာ မတ်လ ၄ ရက်က  အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။   ပီရူးနိုင်ငံသား ပဲရက်စ် ဒီကွေးယားဟာ မြို့တော်လီမာမှာ ကွယ်လွန်ခဲ့ပြီး သူဟာ ကုလအတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၈၁ ကနေ ၁၉၉၁ အတွင်း သက်တမ်း နှစ်ဆက် ထမ်းဆောင်ခဲ့ပါတယ်။  ကုလအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ပဲရက်စ် ဒီကွေးယားဟာ အီရန်-အီရတ်စစ်ပွဲပြဿနာကို ကြားဝင်ဆောင်ရွက်ခဲ့သလို ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတာကို လည်း ကြုံတွေ့ခဲ့ပါတယ်။  ဒါ့အပြင် ဆိုက်ပရပ်စ်အရေးကိစ္စ၊ အာဂျင်တီးနားနဲ့ ဗြိတိန်အကြားဖြစ်တဲ့ ဖောက်ကလန်ကျွန်း အငြင်းပွားကိစ္စတွေမှာ သူဟာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။  ကုလအတွင်းရေးမှူးချုပ် တာဝန်အပြီးမှာတော့ ပဲရက်စ် ဒီကွေးယားဟာ ပီရူးနိုင်ငံကို ပြန်ပြီး ၁၉၉၅ ခုနှစ်မှာ သမ္မတရာထူးအတွက် ဖူဂျီမိုရီနဲ့အပြိုင် ဝင်အရွေးခံခဲ့ပေမဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။  အကျင့်ပျက်ခြစားမှုနဲ့ သမ္မတ ဖူဂျီမိုရီ ရာထူးက နုတ်ထွက်ပြီးနောက်မှာတော့ ၂၀၀၀ ခုနှစ် နိုဝင်ဘာကနေ ၂၀၀၁ ခုနှစ် ဇူလိုင်အတွင်း ပဲရက်စ် ဒီကွေးယားဟာ ပီရူးဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။  ကုလအတွင်းရေးမှူးချုပ်ဟောင်း ပဲရက်စ် ဒီကွေးယားဟာ ၉၆ ပါးရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သားဖြစ်သူ ဖရန်စစ္စကိုက RPP ရေဒီယိုကို ပြောခဲ့ပါတယ်။  
1 year Ago
Up