ပဲတင်သွင်းခွင့်

August 28, 2017

ပဲတင်သွင်းခွင့် ကန့်သတ်သည့်မူဝါဒ ဖြေလျှော့ပေးရန် အိန္ဒိယနှင့် ဆွေးနွေးမည်

ပဲတင်သွင်းခွင့် ကန့်သတ်တဲ့ မူဝါဒ ဖြေလျှော့ပေးဖို့အတွက် အိန္ဒိယနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရပါတယ်။ အိန္ဒိယဟာ  ပြည်ပက ပဲစင်းငုံကို တန်ချိန် ၂ သိန်း၊  မတ်ပဲနဲ့ ပဲတီစိမ်း တန်ချိန် ၃ သိန်းပဲ တင်သွင်းဖို့ ဒီလထဲမှာ ကန့်သတ်လိုက်ပါတယ်။ လက်ရှိမှာမြန်မာက တင်ပို့ပြီး ပမာဏဟာ အဲဒီပမာဏထက် ကျော်နေတာကြောင့် ထပ်တင်သွင်းခွင့် မရှိတော့ဘူးလို့ ပြည်တွင်း ပဲကုန်သည်တွေက ပြောပါတယ်။ ပုံမှန်ဆိုရင် မြန်မာက ပဲမျိုးစုံ တန်ချိန် ၁၂ သိန်းလောက် တင်ပို့နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်က ပြောပါတယ်။ ဒီလို တင်သွင်းခွင့် မူဝါဒပြောင်းလဲ ကန့်သတ်လိုက်တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က နေပြည်တော်မှာ အစိုးရဌာန ဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ ကုန်စည်ဒိုင် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ လက်ရှိရပ်တန့်နေတဲ့ ပဲအရောင်းအဝယ်အခြေအနေဟာ အိန္ဒိယ ဝန်ကြီးချုပ် မြန်မာပြည်ကို လာတဲ့အချိန် တွေ့ဆုံပြီးမှ အဖြေရနိုင်မယ်လို့ မန္တလေး ပဲ၊ နှမ်းကုန်စည်ဒိုင် အတွင်းရေးမှူး ဦးကျော်သွင်က ပြောပါတယ်။ “အချက် ၁၀ ချက် ဆွေးနွေးတယ်လို့ ပြောလို့ရတယ်။ အဓိကကတော့ အိန္ဒိယ ဝန်ကြီးချုပ်လာတဲ့အချိန်မှာ G to G လက်မှတ်ထိုးနိုင်အောင် (အစိုးရချင်း ချိတ်ဆက်ရောင်းဝယ် နိုင်အောင်) လုပ်ဖို့၊ ပြည်တွင်းမှာ လက်ရှိ ကျန်နေတဲ့ ပဲတွေရယ်၊ စိုက်ထား တာက ထွက်လာမယ့် ပဲတွေရယ်ကို အစိုးရ၊ ပုဂ္ဂလိက ပေါင်းပြီး သင့်တော်တဲ့နည်းလမ်းနဲ့ ဝယ်ဖို့ စတာတွေ ဆွေးနွေးဖြစ်တယ်” လို့ ပြောပါတယ်။ လက်ရှိမှာ ပြည်ပပို့ကုန်ဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစဉ်းငုံ လက်ကျန်တွေရှိနေတဲ့အပြင် နိုဝင်ဘာလောက်မှာ ပဲအသစ်တွေပေါ်လာတော့မယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာတော့ လက်လီအရောင်းအဝယ်ဘဲ ဖြစ်နေတာပါ။ “အိန္ဒိယဝန်ကြီးချုပ်နဲ့ ဆွေးနွေးချက်ပေါ် မူတည်တယ်။ သူတို့ဘက်က မဝယ်နိုင်ဘူးဆိုရင် တောင်သူတွေအနေနဲ့ ဒီပဲတွေအစား တခြား သီးနှံစိုက်ဖို့ နိုင်ငံတော်က ချပြဖို့ ဆွေးနွေးဖြစ်တယ်။ ပြီးတော့ တခြားနိုင်ငံတွေကိုပို့ဖို့လည်း နည်းလမ်းရှာဖို့နဲ့ ကုန်ချောအဖြစ် တင်ပို့ဖို့ ကြိုစားဖို့လည်း ဆွေးနွေးဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။ အိန္ဒိယက ပဲဝယ်ယူတဲ့ မူဝါဒ ပြောင်းလဲပြီးနောက်ပိုင်း ပြည်တွင်းမှာ ပဲအရောင်းအဝယ်တွေ ရပ်တန့်နေတာ ဖြစ်ပါတယ်။
4 years Ago
Up