ပဲခူးPDF

October 21, 2021

ပေါင်းတည်တွင် စစ်တပ်စခန်းချနေသည့်နေရာ တိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး တပ်စွဲစခန်းချထားတဲ့နေအိမ် အောက်တိုဘာ ၂၀ ရက်နေ့က တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Bago Region PDF (တောင်ပိုင်းတိုင်းစစ်ဌာနချုပ်) ရဲ့ တပ်ခွဲတခုဖြစ်တဲ့ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “သစ်ပုတ်ရွာက နေအိမ်ကို ကျနော်တို့ရဲဘော်တွေ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်၊ ၅ ဦးသေတယ်။ ကျနော်တို့ရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ အတည်ပြုပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပဲခူးတိုင်းက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အဝင် လဲကျေးရွာအနီးက အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်ဟာလည်း  အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် မနေ့ညနေ ၆ ရာရီဝန်းကျင်ကလည်း စစ်ကောင်စီခန့် ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းကို သေနတ်နဲ့ပစ်ခံပြီး ထိခိုက်မှုတော့မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ မှတ်တိုင်လမ်းမှာရှိတဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦး စီးဌာနရုံးမှာလည်း အောက်တိုဘာ ၁၁ ရက် နေ့ မနက်ပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

3 months Ago
Up