ပဲခူး အမှတ် ၂ ရဲစခန်း

December 11, 2020

အချုပ်သားများတွင် ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် ပဲခူး အမှတ် ၂ ရဲစခန်းကို Lockdown ချ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အမှတ် ၂ ရဲစခန်းမှာ တပ်ဖွဲ့ဝင် တစ်ယောက်ရဲ့ ဇနီးအပါအဝင် အချုပ်သား ၆ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် ရဲစခန်း တစ်ခုလုံးကို အသွားအလာကန့်သတ် Lockdown ချလိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့က ပဲခူးမြို့ အမှတ် ၂ ရဲစခန်းက တပ်ဖွဲ့ဝင် တစ်ယောက်ရဲ့အမျိုးသမီး အနံ့မရတော့ဘူးဆိုတဲ့အတွက် လင်မယား နှစ်ယောက်စလုံးကို Bago Fever Clinic မှာ သွားရောက်စစ်ဆေးတဲ့အခါ  အမျိုးသမီးမှာ ပိုးတွေ့ရှိခဲ့တာပါ၊  အမျိုးသားဖြစ်သူက စခန်းမှာ ကင်းတာဝန်ယူရတဲ့သူဖြစ်လို့ အချုပ်သားတွေကိုပါ စစ်ဆေးတဲ့အခါ အချုပ်သား ၆ ယောက်မှာ ထပ်မံရောဂါပိုးတွေ့ရှိခဲ့ပြန်ပါတယ်။ အဲဒီအတွက် အမှတ်၂ ရဲစခန်း တစ်ခုလုံးကို  ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းကစပြီး ၁၄ ရက် အသွားအလာ ကန့်သတ်ထားလိုက်တယ်လို့ ပဲခူးခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟ ကပြောပါတယ်။ လတ်တလောမှာတော့ အမှတ် ၂ ရဲစခန်ရဲ့ အလုပ်ကိစ္စတွေကို အမှတ် ၃ ရဲစစခန်းမှာ ဆောင်ရွက်နေပါတယ်။ အဲဒီ အချုပ်သားတွေကို ကလိဆေးရုံကို ပို့ဆောင်ကုသစေပြီး သူတို့က အချုပ်သားတွေ ဖြစ်တဲ့အတွက် တခြားလူနာတွေနဲ့ ရောမထားပဲ ထွက်ပြေးတာတွေဖြစ်မှာစိုးတဲ့အတွက် သီးသန့် အဆောင်မှာထားပြီး အပြင်မှာတော့ ရဲတပ်ဖွဲ့ဝင် ၉ ဦးက လုံခြုံစောင့်ဆိုင်းပေးထားတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်း အချုပ်သားတွေကို အချုပ်ခန်း ထဲမထည့်ခင်နဲ့ ထောင်ကိုပို့မယ်သူတွေ ဆိုရင်လည်း ထောင်အပြင်မှာ  ကျန်းမာရေးဌာနကနေ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးတာတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။ ပဲခူးမြို့နယ်မှာတော့ နေ့စဉ်ပိုးတွေ့လူနာတွေ နေ့စဉ်တိုးနေပြီး ခုဆို ပဲခူးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၆၀၀ နီးပါးရှိကာ အဲဒီထဲက ၁၁ ဦးသေဆုံးခဲ့ပါတယ်။ နေ့စဉ်ပိုးတွေ့ရှိမှု မြင့်တက်နေတဲ့အတွက် ခုဆိုပဲခူးမြို့က ပိုးတွေ့ရှိမှုများတဲ့ လမ်း ၁၀ လမ်းကိုလည်း Semi Lockdown ချထားပါတယ်။ သတင်း - အောင်စိုးမိုး
4 months Ago
Up